အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရုရှားစတိုင်လ်ဟင်းလျာတစ်မျိုးဖြစ်တဲ့ အမဲသား (သို့) ဝက်သားအစာသွပ် ဂေါ်ဖီထုပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ရုရှားနိုင်ငံမှာတော့ ဒီဟင်းလျာကို Russian Golubzi ကို အမည်ခေါ်တွင်ထားကြတာပါ။ ဟင်းလျာအသစ်အဆန်းတီထွင် ချက်ပြုတ်ချင်သူများအကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

Cabbage

  • ဂေါ်ဖီထုပ် တစ်ထုပ်
  • ဆန် ပန်းကန်လုံးတစ်ဝက်ခန့်
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၂ မွှာ
  • မုန်လာဥနီ ၁ လုံး

  • အမဲသား (သို့) ဝက်သား ၁ ပေါင်ခန့် (နုတ်နုတ်စင်းထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရင်မ်အချဉ် ပန်းကန်လုံး ၂ ပုံ ၃ ပုံခန့်

  • ခရမ်းချဉ်သီးဆော့ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဆန်ကို ရေဆေးပြီး မီးအပူပြင်းပြင်းနဲ့ တည်ထားပါ။ ထမင်းကျက်လာမယ်ဆိုရင် ထမင်းကို အအေးခံထားလိုက်ပါ။

ထမင်းတည်နေတဲ့အချိန်မှာ ဂေါ်ဖီနဲ့ ကြက်သွန်နီ၊ မုန်လာဥနီတို့ကို ပါးပါးလှီးထားပါ။ ဂေါ်ဖီထုပ်ကို အကုန်အစင်မလှီးဖြတ်ဘဲနဲ့ ဂေါ်ဖီအရွက် (၉) ရွက်ကို အမဲသား (သို့) ဝက်သားထုပ်ဖို့အတွက် သပ်သပ်ဖယ်ထားပါ။

ထို့နောက် အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ထားပါ။ ရေနွေးဆူလာပြီဆိုရင် ဖယ်ထုပ်ထားတဲ့ ဂေါ်ဖီရွက် (၉) ရွက်ကို အိုးထဲထည့်ပြီး ၃ မိနစ်ခန့် တည်ထားပါ။ ထို့နောက် ရေဖယ်ထုတ်ပြီး အရွက်ကို ပန်းကန်ပြားထဲဖယ်ထည့်ထားပါ။

ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီကျက်လာပါက ပါးပါးလှီးထားသော ဂေါ်ဖီ၊ ကြက်သွန်နီနဲ့ မုန်လာဥနီတို့ကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ နုတ်နုတ်စင်းထားသော အမဲသား (သို့) ဝက်သား၊ ကြော်ထားသော မုန်လာဥနီ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နဲ့ အအေးခံထားသော ထမင်းတို့ထည့်ပြီး ဆား၊ ငရုတ်ကောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

ထို့နောက် ဂေါ်ဖီရွက် (၉) ရွက်ရဲ့ မာနေတဲ့ အကြောများကို ဓားနဲ့လှီးဖြတ်လိုက်ပါ။ ပြီးတဲ့အခါ စောစောကနယ်ထားတဲ့ အသားနဲ့အရွက်အရောအနှောများကို ဂေါ်ဖီရွက်ရဲ့အလယ်တည့်တည့်မှာ ထည့်ပြီး အပြင်မထွက်အောင်လို့ ဂရုတစိုက်လိပ်ပေးရပါမယ်။

ပန်းကန်လုံးအလတ်စားထဲမှာ ခရင်မ်အချဉ် ပန်းကန်လုံး ၃ ပုံ ၂ ပုံခန့်၊ ခရမ်းချဉ်သီးဆော့နဲ့ ရေအနည်းငယ်ထည့်ပြီး ရောမွှေပေးလိုက်ပါ။

ထို့နောက် အမဲသား (သို့) ဝက်သားအစာသွပ် ဂေါ်ဖီထုပ်ကို အိုးအကြီးတစ်လုံးထဲထည့်လိုက်ပါ။ ပြီးတဲ့အခါ ခုနကမွှေထားတဲ့ ခရမ်းချဉ်သီးဆော့တို့ကို လောင်းထည့်လိုက်ပါ။ မီးအပူချိန်အေးအေးလေးနဲ့ မိနစ် ၄၀ ခန့် ဆူအောင်တည်ထားလိုက်ပါ။

အချိန်ပြည့်ပြီဆိုရင်တော့ အမဲသား (သို့) ဝက်သား အစာသွပ် ဂေါ်ဖီထုပ်ကို ပန်းကန်ပြားလေးထဲထည့်ပြီး မိမိစိတ်ကြိုက်အလှဆင်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com