သင်္ကြန်နား နီးလာတော့ သင်္ကြန်သီချင်းသံတွေဟာ ဟိုတစ်စ ဒီတစ်စနဲ့ လူတွေရဲ့ စိတ်ကို မြူးကြွစေနေပါပြီ။ သင်္ကြန်ဆိုတာနဲ့ မွန်တို့ ရိုးရာ သင်္ကြန်ထမင်းအကြောင်း
ပြောပြချင်လာပါတယ်။ သင်္ကြန်ထမင်းလို့ ကြားလိုက်ရင် သင်္ကြန်မှာ စားတဲ့ ထမင်း၊ သင်္ကြန်မှာ ကျွေးတဲ့ ထမင်းလို့ပဲ ထင်နေတတ်ကြပါတယ်။ ဟုတ်ပါတယ် ဒါပေမယ့် ဒါတင်မကပါဘူး မွန်တိုင်းရင်းသားတွေရဲ့ ရိုးရာ အစားအစာတစ်ခုဖြစ်ပြီး သူတို့ရဲ့ ဒေသရဲ့ လူကြိုက် အများဆုံး အစားအစာ တစ်ခုဖြစ်ပါတယ်။ ဒီဘက်နယ်တွေမှာ မုန့်ဟင်းခါးတို့ ခေါက်ဆွဲတို့ ကပ်သလို မွန်ပြည်နယ်မှာလည်း သင်္ကြန်ထမင်းကို ဘုန်းကြီး အာရုံဆွမ်း အဖြစ်လည်း ကပ်ကြပါတယ်။ အလှူဒါန အဖြစ်လည်း ရပ်ကွက်တွေ လမ်းတွေထဲမှာ ကျွေးကြပါတယ်။

သင်္ကြန် ထမင်းဟာ အခုလို ပူပြင်းတဲ့ နွေရာသီမှာတော့ ဝမ်းကိုအေးစေတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ သင်္ကြန် စတုဒီသာ ကာလတွေမှာလည်း ဒီ သင်္ကြန်ထမင်းဟာ မပါမဖြစ် အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။ သင်္ကြန်ထမင်းလို့ ဘာကြောင့်ခေါ်လဲ ဆိုရင်တော့ ထမင်းကို ရေဆမ်းစားရလို့ပါတဲ့။ နာမည်ကြားလိုက်တာနဲ့ အေးသွားစေမယ့် ခံစားချက်ရမယ့် အစားအစာပါ။

သင်္ကြန်ထမင်းဟာ ကြည့်လိုက်ရင်တော့ ထမင်းကို ရေဆမ်းပြီး ငါးခြောက်ထောင်း သရက်သီးကြော်၊ ငရုတ်သီးကြော်တို့နဲ့ စားတဲ့ အစားအစာ တစ်ခုလို့ ထင်မိပါတယ်။ ဒါပေမယ့် ဆမ်းထားတဲ့ ရေမှာ လျှို့ဝှက်ချက် ရှိပါတယ်။ ဖယောင်းနံ့နဲ့ နံ့သာဖြူနံ့လေး သင်းနေတာပါ။ ပိုအေးအေးလေး စားချင်ရင်တော့ ရေခဲလေးပါ ထည့်စားလို့ ရပါသေးတယ်။

တွဲဖက်စားစရာကတော့ သရက်သီး ငါးခြောက်ထောင်းကြော်နဲ့ ငရုတ်သီးခြောက်ကြော်ရယ်ပါ။ သင်္ကြန်ထမင်းဟာ ရာသီဥတုနဲ့လည်း လိုက်ဖက်ညီတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ သရက်သီးပေါတဲ့ ရာသီမို့ သူ့ရဲ့ ကုန်ကျစရိတ်ကလည်း သက်သာပြီး စားမြိန်စေမယ့် အစားအစာပါ။

Article-image54

သင်္ကြန်ထမင်းဟာ အခုအချိန်မှာ ချက်စားမယ်ဆိုရင်တော့ သရက်သီးစိမ်း ပေါပေါနဲ့ အင်မတန် ကိုက်ညီတဲ့ အချိန်ပါပဲ။ တွဲဖက်စားစရာ သရက်သီး ငါးခြောက်ကြော်ဟာ လုပ်ရတာ လွယ်ကူစေပါတယ်။ အရင်ဦးဆုံး ငါးခြောက်ကို ပြုတ် အသားနွှင်ထားပြီး ထောင်းထားပါ။ သရက်သီးကိုတော့ ခြစ်နဲ့ ခြစ်ထားလိုက် အခွံတော့ နွှာပြီး ခြစ်နော်။

ကြက်သွန်နီကို လေးစိတ်ကွဲလေး ပြင်ထား။ ကြက်သွန်နီ များများ ကြိုက်သူတွေက အလုံးအနေတော်လေးတွေကို ပြင်ထားပါ။ ငါးခြောက်က အသားပေါတဲ့ ငါးခြောက်မျိုးဆို ပိုကောင်းတယ်။ ပြီးရင် ကြက်သွန်ဖြူတို့ နနွင်းတို့နဲ့ ဆီသတ်ပြီး ထည့်မွှေကြော်လိုက်ရင် ရပါပြီ။ အပေါ့အငံတွေကိုတော့ ကိုယ်ကြိုက်သလို ပြင်ဆင်ပါ။ သရက်သီးနဲ့ ငါးခြောက်လေး နည်းနည်း ကြတ်လာပြီဆိုရင်တော့ ကြက်သွန်နီ လေးစိပ်ကွဲလေးတွေ ထည့်ပြီး သရက်သီးတွေ သိပ်မနူးသွားခင် ချလိုက်တာ ပိုကောင်းပါတယ်။ အနံ့လေး မွှေးမွှေးလေး သင်းလာလောက်ပါပြီ။

သင်္ကြန်ထမင်းကတော့ ထမင်းရိုးရိုးချက်ပြီး ရေဆမ်းလိုက်ရင်လည်း ရပါတယ်။ အအေးကြိုက်ရင် ရေခဲလေးတွေ ထည့်စားပါ။ ဒါပေမယ့် ရိုးရာအတိုင်းကတော့ ထမင်းကို ရေများများနဲ့ချက်ပြီး နူးအိနေတဲ့ အချိန်မှာ ဇကာတစ်ခုထဲ သွန်ချပြီး ထမင်းတွေပေါ် ရေအေးအေးနဲ့ အေးစက်သွားအောင် ခဏခဏ ဖျန်းပေးရပါတယ်။ ဆန်ရဲ့ အဆီဓာတ်တွေ ကုန်ပြီ ဆန်ဟာ ပျော့စိလေး ဖြစ်သွားပါတယ်။

ဖယောင်းနံ့လေး သင်းတဲ့ ရေရဖို့ကတော့ အရင်က မြေအိုး (နယ်ဘက်မှာ သောက်ရေအိုး)တွေကို သုံးလေ့ရှိကြပါတယ်။ အဲ့ဒီ အိုးထဲကို ကျောက်ခဲသန့်သန့်လေးကို ထည့် ပြီးရင် ဖယောင်းတိုင်ထွန်း ဒါမှမဟုတ် မြေခွက်ထဲမှာ မီးခဲနည်းနည်းထည့် ပြီးရင် ဖယောင်းခဲငယ်လေးနဲ့ နံ့သာစလေး နည်းနည်းထည့်ပြီး မီးခိုးထွက်လာရင် ရေအိုးထဲ မီးခွက်ကို ထည့်ပြီး ရေစိုဝတ် သန့်သန့်လေး နှစ်ထပ်လောက်ကို ရေညှစ်ပြီး အိုးကို အုပ်လိုက် အဲ့ဒီမှာတော့ မီးသေပြီး ဖယောင်းနံ့လေးနဲ့ နံ့သာနံ့က အိုးထဲမှာ စွဲကျန်ခဲ့ရော အိုးထဲက ခွက်ကိုထုတ်ပြီး အိုးထဲ ရေဖြည့်လိုက်ရင် ဖယောင်းနံ့နဲ့ နံ့သာနံ့သင်းတဲ့ ရေကို ရပါတယ်။

တွဲဖက် စားသုံးတဲ့ အခါမှာ သရက်ငါးခြောက်ထောင်းကြော် အပြင် ငရုတ်သီးအခြောက်လေးတွေကို ကြော်ထားတဲ့ ငရုတ်သီးတောင့်ကြော်လေးနဲ့ဆို ပိုပြီး စားလို့ကောင်းသွားပါမယ်။

Photo Credit: today-myanmar