မင်္ဂလာပါ စားသောက်ဆိုင်ရဲ့ မြန်မာမုန့်လေးတွေဟာ လူကြိုက်များပြီး မြန်မာ အစားအစာ ချစ်သူတွေ အတွက်တော့ အဆင်ပြေလှတဲ့ မြန်မာမုန့်လေးတွေ မျိုးစုံ ရှိပါတယ်။ မြန်မာမုန့်လေးတွေကို ကော်ဖီလေးနဲ့ ဖြစ်ဖြစ် ရေနွေးကြမ်းနဲ့ ဖြစ်ဖြစ် တွဲဖက်စားသုံးခြင်းဟာ အလိုက်ဖက်ဆုံး အတွဲအဖက်လေးပါ။ မနက်စာအဖြစ်ပဲ စားစား၊ နေ့လည် သရေစာ အဖြစ်ပဲ စားစား အရသာ ရှိလှပါတယ်။ မြန်မာမုန့်လေးတွေဟာ လုပ်ရတာ သိပ်တော့ မလွယ်ကူပေမယ့် ကိုယ်တိုင်လုပ်ပြီး စားရတဲ့ ပီတိနဲ့ အရသာဟာ ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။ ဒါကြောင့် ဒီအပတ်မှာတော့ မုန့်ပျားသလက်လေးကို အိမ်မှာပဲ ရှိတာလေးနဲ့ အရသာ ရှိအောင် လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် ၁၀၀ gm
  • ပဲ (စားတော်ပဲ ဒါမှမဟုတ် ဘိုကိတ်ပဲ)
  • ဆီ
  • Yeast (လက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ)
  • ဆား အနည်းငယ်
  • နံနံပင် အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း

မုန့်ပျားသလက်ဟာ အနည်းငယ်တော့ လက်ဝင်ပါတယ်။ မြေအိုးနဲ့ ဖုတ်တာ မဟုတ်ဘဲ အိမ်မှာပဲ အလွယ်တကူ ဒယ်အိုးနဲ့ လုပ်တာတာမို့ တခါတလေ သိပ်တော့မလှတတ်ပါဘူး။

ဆန်မှုန့်ကို ရေ ၁လီတာ မပြည့်တပြည့် ထည့်ပြီး မွှေပါ။ ဆားနဲ့ Yeast မှုန့်ကိုထည့်ပါ။ ဆန်မှုန့်တွေကို ချောမွေ့ပြီး ရေနဲ့ သမသွားအောင် အထိ မွှေပေးပါ။ ဆန်မှုန့်တွေ ပွလေ စားကောင်းလေ ဖြစ်တာကြောင့် အချို့ကတော့ တစ်ညသိပ်ပြီးမှ လုပ်တတ်ကြပါတယ်။ ၁-၂ နာရီလောက် နွေးတဲ့ နေရာမှာ ထားပြီး နှပ်ထားရင်လည်း ရပါတယ်။ အဲလ်ကွန်းခန်းထဲ ထားလို့ မရပါဘူး။

မုန့်နှစ်တွေ လေနဲ့ ပွလာတဲ့အခါ မွှေပေးပြီး ဆားအနည်းငယ်ထည့်ပါ။ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပါ။

မုန့်နှစ်ရည် အရမ်းပြစ်နေရင် ရေအနည်းငယ် ရောပါ။

အိုးကို မီးအပူပေးပါ။ ဆီ အနည်းငယ် သုပ်ပါ။ ဆီကို အများကြီး အိုင်နေအောင် မလုပ်ပါနဲ့။

မုန့်နှစ်ကို ဇွန်းခွက်နဲ့ ခပ်ယူပြီး အိုးထဲကို ထည့်ပါ။ အဖုံးကို ခဏလေး အုပ်ထားပြီး အပေါ်ယံလေး မတင်းခင်မှာ ပဲပြုတ်တို့ ကြက်သွန်မြိတ် ဒါမှမဟုတ် နံနံပင်တို့ ဖြူးပါ။ မီးကို အလျှော့အတင်း လုပ်ပါ။