ငါးပိဆိုသည်မှာ မြန်မာတွေရဲ့ အခြေခံ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ထမင်းကို ငါးပိချက်၊ ငါးပိရည်လေးမှ မပါရင် ထမင်းစား မမြိန် ဖြစ်တဲ့ လူတွေတောင် ရှိပါတယ်။ ငါးပိမှာ အမျိုးအစားတွေ ရှိပါတယ်။

စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေချိုငါးပိတို့ ဆိုပြီး ရှိပါတယ်။ ငါးပိ အမျိုးအစားတွေ မတူသလို နေရာဒေသကို လိုက်ပြီး စားသုံးပုံတွေလည်းမတူပါဘူး။ တစ်ချို့နေရာတွေမှာ ငါးပိကို ထောင်းပြီး စားကြသလို ထောင်းပြီးသားကိုလည်း သုပ်စားကြပါတယ်။

တစ်ချို့နေရာတွေမှာတော့ ငါးပိကို နောက်ထပ်အစာ တစ်မျိုးနဲ့ ရောပြီး ချက်စားကြပါတယ်။ တစ်ချို့နေရာတွေမှာတော့ ငါးပိရည်ကျို လုပ်စားကြပါတယ်။

မိုးတွင်းအေးအေးမှာတော့ ခံတွင်းမြိန်စေမယ့် ငါးပိဟင်းလျာကို ပြောပါဆိုရင် ငါးပိသုပ်လို့ ပြောရပါမယ်။ ငါးပိသုပ်မယ်ဆိုရင်တော့ အဓိကလိုတာ ငါးပိကောင်းကောင်းပါ။ စိမ်းစားငါးပိကောင်းကောင်းဆိုရင် ဘိတ်ငါးပိလို့ ခေါ်တဲ့ ထားဝယ်ဘက်က ငါးပိဟာ အကောင်းဆုံးပါပဲ။

ငါးပိသုပ်ဖို့ အတွက်ဆိုရင် ငါးပိ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်တို့ လိုအပ်ပါတယ်။ ငါးပိကို မွှေးလာအောင် ဖုတ်/ကင်ပြီး ငရုတ်သီးစိမ်းနဲ့ ငရုတ်သီးခြောက်ကိုလည်း ကင်ရပါမယ်။

ငရုတ်သီးတွေကို ကင်ပြီးမှ ထည့်တာဟာ ဗိုက်မနာစေတဲ့ အပြင် အနံ့ကိုလည်း ပိုပြီး မွှေးစေပါတယ်။ ပြီးရင်တော့ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်တို့နဲ့ ညက်အောင် ရောပြီး ထောင်းလိုက်ရင် ရပါပြီ။ ထောင်းထားပြီးသား ငါးပိတွေကို သံပုရာသီး၊ ကြက်သွန်နီတို့နဲ့ ရောပြီး နယ်လိုက်ရင် ထမင်းမြိန်စေမယ့် ငါးပိသုပ် ရပါပြီ။

ငါးပိသုပ်ကို လွယ်ကူစေဖို့ ထောင်းပြီးသား ငါးပိထောင်းဘူးတွေကိုလည်း သုပ်စားလို့ ရပါတယ်။ ငါးပိသုပ်ကို ဟင်းချို၊ ချဉ်ရည်ဟင်းတို့နဲ့ တွဲဖက်ပြီး စားပါက ပိုပြီး မြိန်စေပါတယ်။

Fish-Paste

ငါးပိသုပ်မှာလည်း လူတွေ အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ငါးပိစားလို့ အာဟာရ မဖြစ်မှာ မစိုးရိမ်ပါနဲ့။ ငါးပိဟာ ကယ်လ်ဆီယမ်ဓာတ် များစွာ ပါဝင်တဲ့ အစားအစာ တစ်ခုပါ။ လူကြီးတစ်ယောက်ဟာ တစ်နေ့ကို ကယ်လ်ဆီယမ်ဓာတ် 0.6 ဂရမ်လောက် လိုအပ်ပါတယ်။

လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ငါးပိကနေလည်း ရယူနိုင်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ဟာ အရိုးတွေ သန်မာစေဖို့ အကူအညီ တစ်ခုပါ။
တန်ဆေး လွန်ဘေးဆိုတဲ့ စကားလည်း ရှိတာကြောင့် ငါးပိကို အများကြီး စားမိရင်တော့ သွေးတိုးစေနိုင်ပါတယ်။

Photo: Tavoyan Voice