မြန်မာတို့အကြိုက် ပုဇွန်ဆိတ်ငပိချက်လေးကို ရေးပေးချင်ပါတယ်။ တော်တော်ကို စပ်စပ်ချက်ပါမယ်။ အစပ်ကြိုက်သူများအတွက်တော့ ရှယ်ပဲပေါ့နော်။ ထမင်းစားတဲ့အခါ ရှူးရှူးရှဲရှဲနဲ့ ဘယ်နှစ်ပန်းကန်စားလိုက်မိလဲတောင်မသိဖြစ်သွားပါအုံးမယ်နော်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ဆိတ်သေး ၁ ကီလို
  • မိုးမျှော်ငရုတ်သီးခြောက် ၂ဝကျပ်သား (ရှမ်းငရုတ်သီး)
  • ရေချိုငပိ ၇ ကျပ်သား၊ ဆီ
  • ကြက်သွန်နီ ၁ဝ သား၊ ကြက်သွန်ဖြူ ၂ ကျပ်သား
  • ငရုတ်သီးစိမ်းအတောင့် ၂ဝ ခန့်၊ ပင်စိမ်းများများ

ပြုလုပ်နည်း

ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးခြောက်ကို ညက်နေအောင် ရောထောင်းပါ။ ပုဇွန်ဆိတ်လေးများကို ရေစင်စင်ဆေးထားပေးပါ။

ငပိကိုတော့ ခဏမျှ ကျိုထားပေးပါ။ (ငပိကို ကြာကြာကျိုရင် ခါးတတ်ပါတယ်။ ဒါကြောင့် ခဏသာတပွက်ဆူကျိုပေးပါ။) ဆီများများနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ဆီသတ်ပါ။

ခြောက်လာပြီး ညှော်ခါနီးလာရင် ပုဇွန်ရေဆေးထားတာကို ထည့်ပါ။ ကျက်ပြီးသား ငပိရည်ကျိုကိုပါ ရောထည့်ပေးပါ။ ပွက်လာပြီဆိုရင် ပင်စိမ်း (သို့) နံနံပင်များများ ရောပေးပါ။ ဒီနေရာမှာ ရပ်လိုက်ပြီး အရေကျဲကျဲနဲ့ စားလို့ရသလို ခပ်ခြောက်ခြောက်စားချင်ရင်တော့ အရွက်မခပ်ခင် အရေခန်းသည်အထိ တည်ပေးပါ။

မှတ်ချက် ။ ငပိပါပြီးသားမို့ ဆားကို ကျွန်မကတော့ မထည့်ပါ။ အငံကဲတာ ကြိုက်သူများ သုံးနိုင်ပါတယ်။

Credit: ဓနုဖြူဒေါ်စောရီ – ကိုထွန်း