“ကျေးဇူးမတင် ထမင်းဝင်” ဆိုတဲ့ ဆိုရိုးလေး တစ်ခုကို ကြားဖူးကြမှာပါ။ ရှေးလူကြီးတွေ သိပ်သုံးတဲ့ စကားပါ။ အဓိပ္ပါယ်ကတော့ ဧည့်သည်လာလို့ ဟင်းဘာလဲမေးရင် ငါးပိရည် ငါးပိထောင်းဆို သိပ်သဘောမကျပေမယ့် တကယ်စားတဲ့ အခါ အလွန် ထမင်းမြိန်စေတဲ့ အစားအစာ တစ်ခု ဖြစ်ကြောင်း တင်စားပြောထားတဲ့ စကားပါ။ မြန်မာဆိုရင် ငါးပိကို မမေ့နဲ့လို့ ပြောကြပါတယ်။ ငါးပိကို မြန်မာတို့ ကြိုက်သူ များပါတယ်။ ငါးပိရည်၊ ငါးပိထောင်း၊ တို့စရာအစုံနဲ့ဆို မြင်တာနဲ့တင် ထမင်းဆာလာတယ်လု့ိ ခံစားမိစေပါတယ်။ ပြီးတော့ မြန်မာဆိုတဲ့ အသိကို ခေါင်းထဲဝင်လာစေတတ်ပါတယ်။

မြန်မာတွေက ထမင်း၊ ဟင်း၊ ငါးပိရည် တို့စရာ ဟင်းရည်သောက် ဆိုပြီး အခြေခံ စားကြပါတယ်။ ဟင်းတွေ ၂မျိုး ၃မျိုး ရှိနေပေမယ့် ငါးပိရည် မပါရင် မပြည့်စုံဘူးလို့ သတ်မှတ်ထားကြသူတွေ အများစုပါ။ ငါးပိကို ငါးနဲ့ဆား အဓိကထား ပြုလုပ်ထားတာပါ။ ငါးပိကို အရှေ့တောင်အာရှ နိုင်ငံတွေ အတော်များများမှာ စားကြပါတယ်။ ထိုင်းမှာဆိုရင် ကပိဆိုပြီး ခေါ်ပါတယ်။

ငါးပိတွေမှာလည်း အမျိုးအစားတွေ ရှိပါသေးတယ်။ မြန်မာတွေ အဓိက စားတာကတော့ ရေကျိုငါးပိ၊ မျှင်ငါးပိ၊ စိမ်းစားငါးပိ ဆိုပြီး ရှိပါတယ်။ ရေကျိုငါးပိဆိုတာကတော့ အရည်ကျိုပြီး စားရတဲ့ ငါးပိပါ။ ငါးပိရည်ဖျော်စားတဲ့ ငါးပိပေါ့။ ရေချိုငါးတွေကို ဆားနဲ့ နယ်ပြီး သိပ်ထားရာကနေ လုပ်တဲ့ ငါးပိပါ။ ရေချိုငါး ငါးရံ့၊ငါးဖယ်၊ ငါးပြေမ၊ ငါးသေးငါးနုပ်တွေနဲ့လည်း လုပ်ပါတယ်။

မျှင်ငါးပိ ဆိုတာကတော့ ဖျာပုံ၊ မြောင်းမြနဲ့ပုသိမ် နယ်တွေဘက်က ထွက်ပါတယ်။ ထောင်းစားတဲ့ ငါးပိ ဒါမှမဟုတ် ဟင်းချက်တဲ့ နေရာတွေမှာ အသုံးများတဲ့ ငါးပိပါ။ သူက ကျောက်ပုဇွန်ဆိတ်လေးတွေကနေ လုပ်ထားတဲ့ ငါးပိပါ။ ဖမ်းတဲ့ ပိုက်က မျှင်ပိုက်ဖြစ်လို့ မျှင်ငါးပိဆိုပြီး ခေါ်ကြတာပါ။ ငါးသေးသေးလေးတွေလည်း ထည့်ပြီး လုပ်တတ်ပါတယ်။ စိမ်းစားငါးပိကတော့ ထောင်းစားတဲ့ အခါ အဓိက စားကြပါတယ်။ ငါးလေးတွေ ပုဇွန်ဆိတ်လေးတွေနဲ့ လုပ်ထားတာဖြစ်ပြီး မြိတ် ထားဝယ်ဘက်တွေကနေ လာကြတဲ့ စိမ်းစားငါးပိဟာ နာမည်ကြီးပါ။

ငါးပိဟာ ငါးကို အဓိကထား လုပ်တဲ့အတွက် ပရိုတင်းနဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ကယ်လဆီယမ်နဲ့ ဖော့စဖောရပ်တို့ လည်း ပါဝင်ပြီး သံဓာတ်လည်း ပါဝင်ပါတယ်။ ငါးပိမှာ အမဲသားနဲ့ ဆိတ်သား ဝက်သားတို့လို ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ သူတို့နဲ့ တန်းတူနီးပါး အာဟာရတန်ဖိုး ရှိပါတယ်။ လူ့ခန္ဓာကိုယ်မှာ ကယ်လဆီယမ်ဓာတ် များစွာ လိုပါတယ်။ ကယ်လဆီယမ်ဓာတ် လုံလောက်စွာ မရရှိဘူး ဆိုရင် ရောဂါတွေ ဝင်ရောက်ဖို့ လမ်းဖွင့်ပေးသလိုပါပဲ။ ဒါတွေကို ငါးပိကနေ ရရှိစေပါတယ်။ တစ်ခု သတိထားရမှာက ဆားနဲ့ပဲ အဓိက လုပ်ထားတဲ့ အတွက် အငန်ဓာတ်ပါဝင်လို့ သွေးတိုးရောဂါ ရှိသူတွေ သတိထား စားပေးဖို့ လိုပါတယ်။

Source:  စွယ်စုံကျမ်း