အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်ခုံမင်တဲ့ Foodies လေးတွေဆိုတော့ ကြက်ကြော်ကို မျိုးစုံစားဖူးကြပါလိမ့်မယ်။ ကြက်ကြော်အချို၊ ကြက်ကြော်အစပ်၊ ပေါင်မုန့်အသားကပ်ထားတဲ့ ကြက်ကြော်စသည်ဖြင့်ပေါ့။ အခုတစ်ခါမှာတော့ ကြက်ကြော်အသစ်အဆန်းလေး ကြော်စားကြည့်လိုက်ရအောင်။ သနပ်ချဉ်ရည် အရသာစိမ့်ဝင်နေအောင် ပြုလုပ်ထားတဲ့ ကြက်သားကြော်လေးပဲဖြစ်ပါတယ်။

ဘယ်လိုကြော်လှော်ပြင်ဆင်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • အရိုးဖယ်ပြီး အရေခွံခွာထားသည့် ကြက်ပေါင် ၈ တုံး
  • ကြက်ဥ ၁ လုံး
  • သနပ်အချဉ်ရည် ဖန်ခွက် တစ်ဝက်ခန့်
  • အုန်းနို့ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဂျုံမုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Photo Source: www.activebeat.com

  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သားတုံးများကို အလုံပိတ်အိတ်လေးထဲထည့်ပြီး သနပ်အချဉ်ရည်များပါ လောင်းထည့်လိုက်ပါ။ ထို့နောက် အိတ်ကို လုံအောင်ပိတ်ပြီးနောက် သနပ်ချဉ်များ ပျံ့နှံ့သွားအောင်လို့ အိတ်ကိုလှုပ်ခါပေးလိုက်ပါ။ ရေခဲသေတ္တာထဲမှာ ၂ နာရီခန့် ထည့်ထားလိုက်ပါ။ (ရေခဲသေတ္တာထဲ တစ်ညလုံး မထည့်ထားမိပါစေနဲ့)

ပန်းကန်လုံးတစ်လုံးထဲ၌ ကြက်ဥကို မွှေခလောက်ပြီး အုန်းနို့ထည့်ကာ ထပ်မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် ကြက်သားအိတ်ထဲက သနပ်ချဉ် အရည်များ အပြင်သို့ စစ်ထုတ်လိုက်ပြီး ကြက်ဥ အုန်နို့ရည်များကို အိတ်ထဲလောင်းထည့်ပြီး အလုံပိတ်ကာ လှုပ်ခါပေးလိုက်ပါ။ နောက်တစ်ဆင့် မပြုလုပ်ခင်အထိ ဒီအတိုင်း ခဏထားထားလိုက်ပါ။

ထို့နောက် ပန်းကန်လုံး တစ်လုံးထဲမှာ ဂျုံမုန့်၊ ကြက်သွန်နီမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆားနဲ့ ငရုတ်ကောင်းမုန့်များကို ရောနယ်ပေးလိုက်ပါ။ ထို့နောက် ကြက်သားအိတ်ဖွင့်လိုက်ပြီး ကြက်ဥ အုန်းနို့ရည်များကို အပြင်သို့ စစ်ထုတ်လိုက်ပါ။ ရောနယ်ထားသော ဂျုံမုန့်အရောအနှောများကို အိတ်ထဲထည့်၊ အိတ်ကိုလုံအောင်ပိတ်၊ ထို့နောက် အိတ်ကို လှုပ်ခါပေးလိုက်၊ ပွတ်တိုက်ပေးလိုက်နဲ့ ၂ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။ ဒါမှ ကြက်သားတစ်တုံးချင်းစီကို ဂျုံမုန့်တွေ ကပ်ငြိသွားအောင်လို့ပါ။

ဒယ်အိုးအကြီးထဲမှာ ထောပတ် စားပွဲတင်ဇွန်း နှစ်ဇွန်းထည့်ပြီး အပူပေးလိုက်ပါ။ကြက်သားတုံးများထည့်ပြီး ကြော်ပေးလိုက်ပါ။ ကြက်သားတုံးတစ်ဖက်ချင်းစီကို ၄ မိနစ်စီကြော်ပေးပါ။

ကြက်သားတုံးလေးများ ရွှေညိုရောင်သမ်းလာပြီဆိုရင်တော့ မီးအပူချိန်လျော့ပြီး ၅ မိနစ်၊ ၇ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ စားချင်စဖွယ်ရှိတဲ့ အရသာရှိသော ကြက်သားသနပ်ချဉ်ကြော်ကို သုံးဆောင်လို့ရပါပြီ။

Source: www.mydeliciousmeals.com