၀က်နံရိုး ကြာဆိုင်ဟင်းချို အရည်သောက်လေးပါ။ ကြာမဆိုင်အပြင် တခြား ဟင်းသီးဟင်းရွက်တွေပါ ထည့်ချက်ထားသည်မို့ တမူထူးခြားပြီး သောက်လို့ အရမ်းကောင်းပါတယ်။ ဝက်နံရိုးကလည်း နူးအိပြီး ချိုချဉ် အရသာလေးကို ရရှိမှာပါ။ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ဝက်နံရိုး – ၃၀ ကျပ်သား (၁လက်မအရွယ် ပိုင်းဖြတ်ပါ)

ကြာမဆိုင် – ၁ထုပ် (ရေစင်အောင် ဆေးပြီး ၂လက်မအရွယ်များ ပိုင်းဖြတ်ပါ)

ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီး ၈စိပ်စိပ်ပါ)

ပန်းပွင့် – တစိတ် (အတုံးသေးများ တုံးပါ)

ပဲပြား – ၁တုံး (အတုံးများ တုံးပါ)

ဘိုစားပဲ – ၅ခု (အရှည် အစောင်းလှီးပါ)

ပြောင်းဖူးသေး – ၄ခု (အရှည်အစောင်းလှီးပါ)

ကြက်သွန်မြိတ် – စည်းဝက် (အရှည်အစောင်းလှီးပါ)

သံပရာသီး – ၂လုံး (အရည်ညှစ်ရန်)

ငရုတ်သီးတောင့်နီ – ၂ခု (ထပ်ခြမ်းခြမ်းပါ)

ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)

ဂျင်း – လက်ဖက်ရည်ဇွန်း တဝက်

ဆား ၊ ကြက်သားမှုန့်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဝက်နံရိုးများကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်) တို့ဖြင့် သမအောင် ရောနယ်ထားပါ။

၂။ ထို့နောက် ဒယ်အိုးတစ်ခုထဲ ရေ(၆ခွက်) ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၃။ ဆူလာလျှင် ဝက်နံရိုးများထည့်ပြီး နူးအောင် ၄မိနစ်ခန့် မီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ပေးပါ။

၄။ ပြီးမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးတောင့်၊ ဟင်းသီးဟင်းရွက် (ပန်းပွင့်၊ ဘိုစားပဲ၊ ပြောင်းဖူးသေး) တို့ကို ထည့်ပေးပြီး ရောမွှေလိုက်ပါ။

၅။ ပြီးနောက် ကြာမဆိုင်၊ ပဲပြား၊ ခရမ်းချဉ်သီး တို့ကို ထည့်ပေးပါ။

၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သံပရာရည် တို့ကို ထည့်ပေးပြီး သမအောင် ရောမွှေလိုက်ပါ။

ရ။ အရသာအနေတော်လျှင် အပေါ်မှ ကြက်သွန်မြိတ်များအုပ်ပြီး ဝက်နံရိုး နှင့်ကြာမဆိုင် ဟင်းချိုကို သုံးဆောင်လို့ရပါပြီ…

Credit: Cho Wut Yee (Wutyee Food House)