“ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန် ..ဟုတ်ပါ့..ဟေ့လားကွယ် မောင်ရိုး ဟေ့လားကွယ် မောင်ရိုး ဝမ်းစမိုးသံ သောသောညံ” ဒီသီချင်းကို ကြားရင် အလှူပွဲတစ်ခုခု အနီးအနားမှာ ရှိနေပြီ ဆိုတာ စိတ်က အလိုလို သိကြပါတယ်။ ဝက်သားတုံး ခပ်ကြီးကြီးကို တုံးပြီး မိုးပြဲဒယ်နဲ့ အားရပါးရ လက်ခမောင်းခတ်ပြီး ကာလာသား တစ်သိုက်ကတော့ ချက်နေလောက်ပြီပေါ့။ ဟုတ်ပါတယ်။

ဝက်သား အိုးကြီးချက်၊ ဝက်သား ဒယ်ကြီးချက်ဆိုတဲ့ အခေါ်ဟာ ဒီ အလှူပွဲတွေကနေ ဆင်းသက်လာတာပါ။ အင်မတန် အရသာ ရှိပြီး ထမင်းမြိန်စေတဲ့ ချက်နည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ဆုံး အိုးမှာ ကပ်နေတဲ့ အစအနလေးတွေက အစ အရသာ ရှိလှလို့ အလှူပွဲတွေမှာ အိမ်အပြန် ပါဆယ်ဆွဲပြီး ပြန်ရတဲ့ ဝက်သားအိုးကြီးချက်ပါ။

ဒီလို အရသာရှိလှတဲ့ အိုးကြီးချက်ကို မိုးပြဲဒယ်နဲ့ မဟုတ်ဘဲ အိမ်မှာပဲ မြည်းစမ်း ချက်စားလို့လည်းရပါတယ်။ “မင်္ဂလာပါ” ရဲ့ လူကြိုက်များလှတဲ့ ဟင်းလျာလည်းဖြစ်ပါတယ်။

ချက်ပြုတ်နည်း

1

ပထမဆုံး ဝက်သားကိုသန့်စင်ပြီး ဆား၊ ပဲငံပြာရည်၊ သကြားအနည်းငယ်၊ ကြက်သားမှုန့် ထည့်ချင်ရင်လည်း အနည်းငယ် ထည့်ပြီး ဆိမ့်ဝင်သွားအောင် ဆုပ်ပြီး နယ်ပေးပါ။

3
သူ့ကို ခဏနှပ်ထားပြီးပြီး ကြက်သွန်ဖြူ/နီ ဂျင်းတို့ကို အခွံနွှာ ရေဆေးပြီး ညက်အောင် ထောင်းပါ။ ညက်ပြီဆိုရင် ငရုတ်သီးမှုန့်ကိုပါ ရောပြီးထောင်းပါ။ ဒီနေရာမှာ ငရုတ်သီးပွခြောက်ကို ရေစိမ်ပြီး ထောင်းပေးရင် ပိုကောင်းပါတယ်။ အချိန် မရသူတွေကတော့ ငရုတ်သီး အနုမှုန့်ကို ထည့်ထောင်းလိုက်ပါ။ ဘာလို့ တခါတည်း ထည့်ထောင်းရလဲလို့ မေးပါလိမ့်မယ်။ အရောင် ပိုကောင်းအောင်လို့ပါ။ အရောင်တက်တာ မြန်စေတဲ့ အတွက်ပါ။

5

အားလုံး ထောင်းပြီး သွားပြီဆိုရင်တော့ နှပ်ထားတဲ့အသားတွေနဲ့ ရောပြီး နယ်ပေးပါ။ ပြီးရင် ချက်မယ့် အိုးထဲ ဆီထည့်ပြီး နယ်ထားတဲ့ အသားတွေကို အကုန်ရောထည့်ပါ။

လုံးချက် ချက်တယ်လို့ ခေါ်ပါတယ်။ အဖုံးအုပ်ထားပြီး ရှဲရှဲ အသံမြည်ကာမှ အဖုံးဖွင့်ပြီး မွှေပေးပါ။ အသားတွေ ရဲလာပြီး အနံ့လည်း မွှေးလာပြီဆိုရင်တော့ ရေကို အနေတော် ကြည့်ထည့်ပါ။ အဖုံးပြန်အုပ်ထားပြီး ဆီပြန်တဲ့ အထိ ထားပါ။

6

အချို့ကလည်း ဆီသတ်ပြီး ချက်ပါတယ်။ ဆီသတ်ချက်တာကတော့ အိုးထဲကို ဆီအရင်ထည့်ပြီး ပူအောင် လုပ်ပါတယ်။ ထောင်းထားတဲ့ အစာပလာတွေကို မွှေးလာအောင် ဆီအရင်သတ်ပြီး  နယ်ထားတဲ့ ဝက်သားတွေကို ထည့်တာပါ။ ဒီနည်းမှာတော့ ဆီသတ်လိုက်တာနဲ့ ဝက်သားတွေဟာ ရဲပြီး အနံ့မွှေးလာပါလိမ့်မယ်။ ဒါဆိုရင် ရေထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ။ ကြိုက်တဲ့နည်းနဲ့ ချက်လို့ ရပါတယ်။ ကျွန်မကတော့ လုံးချက်နည်းကို ပိုနှစ်သက်ပါတယ်။

7

ဝက်သားအိုးမှာ အနံ့မွှေးပြီး ဆီသံ ကြားရင်တော့ စားချင်စဖွယ် အိုးကြီးချက်စတိုင် ဝက်သား ရပါပြီ။

အအီပြေအောင် တွဲဖက်စားသုံးဖို့ အရန်ဟင်း အဖြစ် ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်း စပ်စပ်လေးပါ တွဲချက်လိုက်ပါတယ်။ လျှာလည်အောင် ဖြစ်စေမယ့် ဟင်းအတွဲလေးပါ။