အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ်လည်း စားသုံးနိုင်သလို၊ သရေစာမုန့်အဖြစ်လည်း စားသုံးနိုင်တဲ့ အမဲသားအစာသွပ် အာလူးပန်ကိတ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အကြီး ၄ လုံး (အခွံခွာထားပါ)
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်ဖြူ ၂ မွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

  • အမဲသား ဝ.၅ ပေါင်ခန့် (နုတ်နုတ်စင်းထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ခရင်မ်အချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းကနေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

အခွံခွာထားတဲ့ အာလူးများကို ခြစ်ပြားနဲ့ခြစ်ပေးလိုက်ပါ။ အာလူးအနှစ်များရလာပါက အရည်များကို စစ်ထုတ်ပေးလိုက်ပါ။

အာလူးအနှစ်ထဲသို့ ကြက်ဥနဲ့ ဂျုံမှုန့်များထည့်ပြီး ဆားအနည်းငယ်ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

ဒယ်အိုးအလယ်အလတ်တစ်လုံးထဲမှာ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး အပူပေးပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်ပါ။ နုတ်နုတ်စင်းထားသော အမဲသားထည့်ပြီး အမဲသားကျက်လာသည်အထိ ကြော်ပေးလိုက်ပါ။

ထို့နောက် အခြားဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ဆီကျက်လာပါက အာလူးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲခန့်ကို အိုးထဲထည့်ပြီး အနည်းငယ်ဖိချလိုက်ပါ။ ပြီးတဲ့အခါ အမဲသား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲခန့်ကို အာလူးပန်ကိတ်အပေါ်တင်ပေးလိုက်ပါ။ အမဲသားများကို အာလူးပန်ကိတ်ပေါ်ကနေပြီး ဘေးဘက်သို့ ဖြန့်ပေးရပါမယ်။

ပြီးတဲ့အခါ အမဲသားပေါ်ကနေ အာလူးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲခန့် တင်ပေးလိုက်ရပါမယ်။ ပြီးရင် အမဲသားဖုံးသွားဖို့အတွက် အာလူးကို ဘေးဘက်သို့ ဖြန့်ပေးလိုက်ပါ။ အာလူးများ ရွှေညိုရောင်သမ်းလာပါက အခြားတစ်ဖက်လှန်ပြီးဆက်ကြော်ပေးလိုက်ပါ။ ခန့်မှန်းခြေအားဖြင့် တစ်ခြမ်းကို ၅ မိနစ်စီကြော်ပေးရပါမယ်။

ထို့နောက်ရရှိလာတဲ့ အမဲသားအစာသွပ် အာလူးပန်ကိတ်ကို အအေးခံကာ ခရင်မ်နဲ့ပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီးဆော့နဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသုံးနိုင်ပါတယ်။

Source: www.mydeliciousmeals.com