ကြက်ဥကိုဒီအတိုင်းကြော်စားရတာပျင်းသွားပြီလား။ ဒီတစ်ခေါက်မှာ ကြက်ဥကြော်ကို ပုံစံတစ်မျိုးနဲ့ စတိုင်သစ်လေး လုပ်စားကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

ကြက်ဥ – ၁၀ လုံး

ရေအေး – စားပွဲဇွန်း ၄ ဇွန်း

ဆား – အနည်းငယ်

ငရုတ်ကောင်း – အနည်းငယ်

ဆီ – စားပွဲဇွန်း ၂ ဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ကြက်ဥအကာ ၁၀ လုံးကို မာတောင့်လာအောင်ခေါက်ပေးပါ။ ကြက်ဥအနှစ် ၁၀ လုံးကိုမူ ပျစ်၍ လီမွန်အရောင်ရလာအောင် ဆားနှင့်ငရုတ်ကောင်းတို့ထည့်ခေါက်ပါ။ ခေါက်ထားသော ကြက်ဥအကာထဲသို့ ထည့်ပါ။ တစီစီတူပွက်နေသော ဆီရှိရာဒယ်အိုးထဲသို့ လောင်းထည့်ပါ။ မီးရှိန်ကို လျှော့ချပါ။ အောက်ဘက်တွင် အညိုနုရောင်ရသည်အထိ ဆယ်မိနစ်ခန့် ဖြည်းညင်းစွာတည်ထားပါ။ မကျက်သေးသော ထိပ်ပိုင်းမှ ပွပွရွရွဖြစ်ပြီး ပူပေါင်းများထနေကာ အရောင်စိုလက်နေဆဲရှိပါမည်။ ထိပ်ဖက်တွင်အညိုနုရောင်ရ၍ လက်ချောင်းများနှင့် ဖြည်းဖြည်းဖိနှိပ်ကြည့်သောအခါ လက်ရာထင်မကျန်သည်အထိ (၁၀ မိနစ်မှ ၁၅ မိနစ်ခန့်) ထားရှိပါ။

ဒယ်အိုးလက်ကိုင်နှင့် မျက်နှာချင်းဆိုင်ဘက်အကြား တစ်ဝက်နေရာ၌ ကြက်ဥမွှေကြော်ကို ကန့်လန့်ဖြတ်လျက် အတန်ငယ်နက်သော အတွန့်ကြောင်းကြီးပြုလုပ်ပါ။ အောက်မှ ဂေါ်ပြားကိုလျှောထည့်၍အိုးကို ကြက်ဥကြော်များ ကွာကျလာအောင် ခေါက်လှုပ်ပေး၍ မကျိုးပဲ့စေဘဲ ခေါက်၍ယူပါ။ ဗန်းပေါ်သို့ ကြက်ဥခေါက်ကြော်အပွ အပေါ်ဘက်ခြမ်းကို အောက်ဘက်မှထား၍ လှည့်ထည့်ပါ။

(ယခုဖော်ပြထားသည့် ပါဝင်ပစ္စည်းအရေအတွက်သည် လူဆယ်ဦးစာဖြစ်သည့်အတွက် မိမိအလိုရှိသည့် ပမာဏအတိုင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။)