ရာသီပေါ် အပွင့်အညွှန့်လေးတွေကို လတ်လတ်ဆတ်ဆတ် ကြော်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဖရုံပွင့် – ၁ စည်း (အပွင့်ထဲမှအဆံများ ထုတ်ထားပါ)

ဖရုံညွန့် – ၁ စည်း (အရိုးအရင့်များဖယ်ပြီး လက်၂ ဆစ်အရှည်လေးတွေ ဖြတ်ထားပါ)

ဘူးပွင့် – ၁ စည်း ( အပွင့်ထဲမှ အဆံများထုတ်ထားပါ)

ဘူးညွှန့် – ၁ စည်း (အရိုးအရင့်များဖယ်ပြီး လက်၂ ဆစ်အရှည်လေးတွေဖြတ်ထားပါ)

ငါးခြောက်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခွဲ

ဆား – အနည်းငယ်

ကြက်သွန်ဖြူ – ၃ မြွှာ (ဓားပြားရိုက်ထားပါ)

နနွင်းမှုန့် – အနည်းငယ်

ကြက်သွန်နီကြော် – စားပွဲဇွန်း ၁ ဇွန်းခွဲ (အရွက်ကြော်ပေါ်မှဖြူးရန်)

ကြက်သွန်ဖြူကြော် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (အရွက်ကြော်ပေါ်မှဖြူးရန်)

ပဲဆီ – စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ဒယ်အိုးထဲ ဆီထည့်ပြီးအပူပေးပါ။ နနွင်းမှုန့်နှင့် ကြက်သွန်ဖြူထည့်ပြီး ရွှေရောင်သမ်းပြီး အနံ့မွှေးလာသည်အထိ ကြော်ပါ။

ငါးခြောက်မှုန့်ထည့်ပြီး အနည်းငယ် ကြွပ်လာသည်အထိ ကြော်ပါ။

အညွန့်များ အရင်ထည့်ကြော်ပါ။ ခပ်ဖွဖွလေးမွှေပါ။

အညွန့်များ အနည်းငယ်နွမ်းလာလျှင် အပွင့်များထပ်ထည့်ပါ။ အိုးကိုလှုပ်ပြီး ဒီအတိုင်း မွှေပေးပါ။ ၁-၂ မိနစ်လောက် ကြော်ပါ။

ခြောက်ကပ်နေလျှင် ရေအနည်းငယ်တောက်ပေးပါ။ ကျန်ပစ္စည်းများ ထပ်ထည့်ပါ။ ဆားမြည်းပါ လိုတာထပ် ထည့်နိုင်ပါတယ်။ ပူပူလေး သုံးဆောင်လျှင် ပိုကောင်းပါတယ်။

Credit: Syi Lwin Foods Garden