ချမ်းအေးတဲ့ ဆောင်းရာသီအတွက် မနုသနီ (Rasam)

မနုသနီဟာ အိန္ဒိယတောင်ပိုင်း တမီလ်ရိုးရာ သောက်ဆမ်းရည် တစ်မျိုးဖြစ်ပါတယ်။ ချဉ်ချဉ်ပူပူစပ်စပ်လေးဖြစ်တဲ့အတွက် အခုလိုချမ်းအေးတဲ့ဆောင်းရာသီမျိုးမှာ အသင့်တော်ဆုံးပေါ့။
မနုသနီထဲ ပါဝင်တဲ့ ဟင်းခတ်အမွေးအကြိုင်ဖြစ်တဲ့ ဇီရာစေ့၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ နဲ့ မန်ကျည်းသီးတွေဟာ အစာကြေ ဝမ်းလေရှင်းလင်းစေတဲ့အပြင် အအေးမိခြင်းကိုလည်းပျောက်ကင်းစေပါတယ်။

rasam2

ပါဝင်ပစ္စည်းများ

  • မန်ကျည်းသီး (သံပရာသီးတစ်လုံးအရွယ်ခန့်)
  • ခရမ်းချဉ်သီး (၁လုံး)
  • ဆီသတ်ရွက် (၁ခိုင်)
  • ငရုတ်သီးခြောက် (၃ခု)
  • နနွင်းမှုန့် အနည်းငယ်
  • ဆီ (၂ဇွန်း)
  • မုန်ညင်းစေ့ (လက်ဖက်ရည်ဇွန်း ၁ဇွန်း)
  • နံနံပင် (၃ခိုင်)
  • ဆား

မဆလာအတွက်

  • ဇီရာ၃ဇွန်း
  • ငရုတ်ကောင်း ၂ဇွန်း
  • ကြက်သွန်ဖြူ ၇မွှာခန့်

ပြုလုပ်ရန်

၁။ မန်ကျည်းသီးကို ရေခွက်တစ်ဝက်ခန့်ထည့်ပြီး မိနစ်၂၀လောက်စိမ်ထားပါ။ထို့နောက် မန်းကျည်းရည်ကို သီးသန့်စစ်ယူပါ။

၂။ ဇီရာစေ့၊ငရုတ်ကောင်းစေ့ နှင့်ကြက်သွန်ဖြူ တို့ကို မညက်တညက် ထောင်းထားပါ။

၃။ မီးဖိုပေါ်တွင် ဒယ်အိုးတင်ကာ ဆီအရင်ထည့်ပါ။

၄။ ဆီပူလာလျှင် မုန်ညင်းစေ့အရင်ထည့်ပါ။ပြီးလျှင် ဆီသတ်ရွက်နှင့် ငရုတ်သီးခြောက်ထည့်ပါ။ ငရုတ်သီးခြောက် အရောင်ပြောင်းလာသည်အထိ မွှေပါ။ (ဟင်းခတ်အမွေးအကြိုင်များ တူးမသွားစေရန် မီးအရှိန်လျှော့ထားပါ)

၅။ ထို့နောက်ခရမ်းချဉ်သီးထည့်ကာ ပျော့လာသည်အထိမွှေပါ။

၆။ ကြိတ်ထားသော ဇီရာ၊ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ကိုထည့်ကာမွှေပါ။

၇။ ပြီးလျှင် စစ်ထားသောမန်ကျည်းရည်ထည့်ပြီး လိုအပ်သလောက်ရေထပ်ထည့်ပါ။ဆားထည့်ပါ။

၈။ အဖုံးမအုပ်ပဲ ဟင်းရည်မဆူခင်ထိစောင့်ပါ။

၉။ ဟင်းရည်တစ်ပွက်ဆူလာလျှင် မီးဖိုပေါ်မှချ၍ နံနံပင်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။