ဟင်းချက်နည်း၊ ပြုတ်နည်းတွေပဲ တင်ဆက်ပေးနေကြဖြစ်လို့ ဒီတစ်ခါမှာတော့ အနှစ်လေးတွေချက်နည်းလေးကို တင်ဆက်ပေးချင်ပါတယ်နော်။ နီနီရဲရဲ လေးနဲ့ အရသာအလွန်ရှိလို့ အစပ်ကြိုက်သူများအတွက် အကောင်းဆုံးပါပဲနော်။ ကဲ… အခုချက်နည်းလေးကို ပြောပြလိုက်ပြီဆိုတော့ အိမ်မှာပြန်ချက်ကြည့်ပြီး မိသားစုနဲ့ အတူလက်ဆုံ စားလိုက်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ

  • ငရုပ်သီး ပွခြောက် – တစ်ဆယ်သား
  • ကြက်သွန်နီအသေး – နှစ်လုံး
  • ကြက်သွန်ဖြူ – တစ်လုံး
  • စပါးလင် – နှစ်ချောင်း
  • ပဒဲကော – လက်တစ်ဆစ်
  • ရှောက်ခါးသီးအခွံ – တစ်လုံး
  • ရှောက်ခါးရွက် – ငါးရွက်
  • ဆိတ်ဖူး – သုံးချောင်း
  • နံနံစေ့ – တစ်ဇွန်း စားပွဲဇွန်း
  • ဇီယာ – တစ်ဇွန်း
  • ငါးပိ – တစ်ဇွန်း
  • အုန်းနို့ခရင်မ် – သုံးဇွန်း
  • ဆီ – ငါးကျပ်သား

ပြင်ဆင်ပြုလုပ်ပုံ

  • ငရုပ်ပွခြောက်ကို ရေစိမ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒဲကော၊ စပါးလင်၊ ရှောက်ရွက် တို့ကို ပါးပါး လှီးထားပါ။ ရှောက်ခါးသီး ကို အခွံသင် ထားပါ။
  • ငရုပ်ခြောက် ပွလာပါက ရေစစ်ပြီး အသင့် လှီးထားသည်များ နှင့် ပါဝင်ပစ္စည်းတို့ (အုန်းနို့နှင့်ဆီမှအပ)ကို ကြိတ်စက်တွင် ထည့်ပြီး ကြေညက်အောင်သည် ထိကြိတ်ပါ။ လိုအပ်ပါက ရေအနည်းငယ် ထည့်ပေးပါ။
  • ကြေညက်ပါက ကြိတ်စက်မှ ထုတ်ယူပြီး အုန်းနို့ ခရင်မ်ကို ထည့်ပြီး သမအောင် မွေပြီး အသုံးပြုနိုင် ပါပြီ။
  • တာရှည် အထားခံနိုင်ရန် အတွက် အိုးတခုတွင် ဆီထည့်ပြီး အနီရောင် ဟင်းချက်အနှစ် တို့ကို ဆီပြန်လာသည်ထိ မီးသေးသေးဖြင့် ချက်ပေးပါ။
  • ဆီပြန်ပါက မီးပိတ် အအေးခံကာ သန့့်ရှင်းသောဘူးဖြင့် ထည့်ပြီး ရေခဲသေတ္တာတွင် တာရှည် အသုံးပြုနိုင်ရန် သိမ်းဆည်းထားနိုင်ပြီး မိမိလိုသလောက်ကိုသာ ဇွန်းသန့်သန့့်ဖြင့် ခပ်ယူ အသုံးပြုနိုင်ပါပြီ။ ***ဆီဖြင့်မချက်ဘဲ သိမ်းဆည်းလိုပါက တခါသုံးစာ ပုံစံခွက်များဖြင့် ထည့်ပြီး ခဲထားပါ။မာခဲ သွားပါက ထုတ်ယူပြီး လေလုံသော ဘူးဖြင့် ထည့်ပြီး အခဲခန်းတွင် ကြာရှည်စွာထားပြီး အသုံးပြု နိုင်ပါသည်။

Credit: Sofia Food Paradise