အဝလွန်သူများအနေဖြင့် စပျစ်ဝိုင်အနီရောင်ကို သင့်တင့်မျှတစွာ သောက်သုံးပါလျှင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာနိုင်ပြီး အဆီလောင်ကျွမ်းမှုအားကိုလည်း ကောင်းစေနိုင်မည်ဖြစ်ကြောင်း အော်ရီဂွန်တက္ကသိုလ် သုတေသီများကဆိုသည်။ ‘အရောင်ရင့်တဲ့ စပျစ်သီးဖြစ်စေ၊ အဲဒီလိုစပျစ်သီးကနေလုပ်ထားတဲ့ ဝိုင်အရက်လိုမျိုးဖြစ်စေ မှန်မှန်မှီဝဲမယ် ဆိုရင် အသည်းအဆီဖုံးတာကို ကာကွယ်ပေးပြီး အဆီချတဲ့အခါလဲ အများကြီးအထောက်အကူပြုပါတယ်’ ဟု ဇီဝဓာတုပညာရှင်တစ်ဦးက ပြောပြသည်။

စပျစ်သီးတွင် အယ်လာဂျစ်အက်ဆစ်အပါအဝင် သဘာဝဓာတုပစ္စည်းလေးမျိုးပါဝင်ပြီး အယ်လာဂျစ်က အဆီဆဲလ်များကို ချေဖျက်ပေးကာ အသစ်ထပ်မံမဖြစ်နိုင်အောင် တားဆီးပေးသည့်အပြင် အသည်းဆဲလ်များအတွက် အလွန်လိုအပ်သော ဖက်တီးအက်ဆစ်များကိုလည်း ပေါများစေကြောင်း သိရသည်။

‘စပျစ်ဝိုင်ကို အဆီချဆေးလိုတော့ မမြင်စေချင်ပါဘူး။ အဆီလောင်ကျွမ်းမှုကို မြန်စေတယ်ဆိုတာကလဲ အသည်းထဲကအဆီကို လောင်ကျွမ်းစေတာပါ။ အသည်းထဲက အဆီပိုတွေ လောင်ကျွမ်းသွားတော့ အသည်းရဲ့လုပ်ဆောင်ချက် ပိုကောင်းလာပြီး ခန္ဓာကိုယ်ရဲ့အဆီပို တွေကိုလဲ ဆက်လက်ချေဖျက်နိုင်တာ ဖြစ်ပါတယ်။ စပျစ်သီး၊ စပျစ်ဝိုင်ဆိုတာ အသည်းအဆီ မဖုံးအောင် စားပေး၊ သောက်ပေးရတဲ့ ဓာတ်စာလို့ပဲ မြင်စေချင်ပါတယ်’ ဟု သုတေသီတစ်ဦးက ပြောသည်။

စပျစ်၊ စပျစ်ဝိုင်ဟာ အသည်းအဆီ၊ ခန္ဓာကိုယ်အဆီတို့ကို လျှော့ချပေးနိုင်သလို သွေးချိုကိုလဲ ထိန်းပေးနိုင်တာ တွေ့ရပါတယ်။ အဓိက ကတော့ အယ်လာဂျစ်အက်ဆစ်ပဲ ဖြစ်ပါတယ်။ ဒီအယ်လာဂျစ် အက်ဆစ်က ဆဲလ်တွေထဲမှာ Ppar-Alpha နဲ့ Ppar Gamma လို့ခေါ်တဲ့ ပရိုတိန်း နှစ်မျိုးကို လှုပ်ရှားအားကောင်းလာစေတဲ့အတွက် ဆဲလ်တွေအနေနဲ့ အဆီနဲ့ သကြားကိုပိုပြီး ထိရောက်စွာ ချေဖျက်သုံးစွဲ နိုင်တာ ဖြစ်ပါတယ်။ ဒီလို အဆီနဲ့သကြားကို ချေဖျက်အား ပိုကောင်းလာတော့လဲ သွေးတွင်းထရိုက်ဂလီဆီရိုက်အဆီတွေ မတိုးနိုင်တော့တဲ့အတွက် နှလုံး သွေးကြောကျဉ်းတဲ့ရောဂါအတွက်ပါ အထောက်အကူပြုနိုင်ပါတယ်’ဟု ၎င်းက ဆက်လက်ပြောပြသည်။

သို့ဖြစ်၍ အရွယ်ရောက်သူများအနေဖြင့် ကိုယ်အလေးချိန် ကောင်းမွန်အောင် ထိန်းသိမ်းရန် အလွန်အရေးကြီးကြောင်း၊ ကျန်းမာရေးလှုပ်ရှားမှု မလုပ်နိုင်လျှင် အစားအသောက် မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့် ထိန်းသိမ်းသင့်ကြောင်း၊ ထိုသို့ ရွေးချယ်ရာတွင် စပျစ်ဖြစ်စေ၊ စပျစ်ဝိုင်ဖြစ်စေ စားသောက်ပေးခြင်းသည် အဝလွန်သူ၊ အထိုင်များသူ၊ အသည်းအဆီဖုံး သူများအတွက် သင့်လျော်သော ဓာတ်စာတစ်မျိုး ဖြစ်ကြောင်းသိရသည်။

Credit: Yadanarpondaily