မကျည်းထောင်းစပ် ထမင်းနယ်

Share this on:

ရာသီစာစားမှ ဖြစ်နေတဲ့ ရာသီဥတု ဒဏ်ကို ခံနိုင်တာ ၊ အဖျားအနာ ကင်းတာ ဆိုတာကို ပါးစပ်က တတတွတ်တွတ် ပြောပြီး ရာသီနဲ့ အလိုက်ချက်ပြုတ် ကျွေးမွေး သင်သွန် ခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကြောင့် အိမ်က ကလေးတွေကိုလည်း ရာသီစာတွေကို အမျိုးမျိုး အသွင်ပြောင်းပြီး ကျွေးပါတယ် ။  အခုလည်း အငယ်ကောင်က မနက်စောစောစီးစီး ထမင်းနယ် စားခြင်တယ်ဆိုလို့ အိမ်က နုတဲ့ မကျည်းကိုင်းကို ချိုင်ပြီး မကျည်းရွက်နုတွေကို ခြွေပြီး မနေ့က ချက်ထားတဲ့ ဟိုနဲနဲ ဒီနဲနဲကျန်တာတွေကို ကျန်စုရှင်း လုပ်ပြစ်လိုက်ပါတယ် ။  အိမ်ကလူတွေကတော့ ကျန်စုရှင်းဆို လုစားကြတယ် ။  လုပ်စား ကြည့်လိုက်ပါအုံး ။

13396562_10154521284623132_364260581_o

ပါဝင်ပစ္စည်းများ

  • ထမင်း ၂ လုံး (ဟင်းချို ပန်းကန်လုံး အသေး)
  • မကျည်းထောင်းစပ်စပ် ၂ ဇွန်း (ထမင်းစားဇွန်း)
  • မကျည်းရွက် လက်တဆုပ်စာ
  • ကြက်ဥမွှေကြော် (ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်)
  • မျှစ်ပြုတ်
  • ဖရဲသီး ပေါက်စပြုတ်
  • မြေပဲဆီစစ်စစ်

ပြုလုပ်နည်း

  1. ဇလုံ တခုထဲတွင် ထမင်း ၊ မကျည်းထောင်းစပ်စပ် ၊ မကျည်းရွက်စိမ်း တို့ကို မြေပဲဆီ စစ်စစ်နှင့် နှံ့အောင်နယ်ပါ ။ ဆား ၊ ငံပြာရည် လုံးဝ မထည့်ရပါ ။ မကျည်းထောင်းစပ်စပ်ထဲတွင် ဆားပါပြီးသား ဖြစ်ပါသည် ။
  2. ကြက်ဥမွှေကြော် ထဲတွင် ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ နံနံပင်တို့ ပါဝင်ပသည် ။
  3. မျှစ် နဲ့ ဖရဲသီးပေါက်စတွေကို တို့စားရန် ပြုတ်ထားပါသည် ။
  4. မကျည်းထောင်းစပ် နှင့် နယ်ထားသည့် ထမင်းကို ကြက်ဥမွှေကြော် ၊ မျှစ်ပြုတ် ၊ ဖရဲသီးပေါက်စပြုတ် ၊ မြေပဲကြော် တို့နှင့် တွဲစားပါသည် ။
My Food Myanmar

Review

User Rating

5 (2 Votes)