အခုဖော်ပြပေးမယ့် ကြက်သား ချိစ် ဟင်းလျာလေးက ရုရှားနိုင်ငံနဲ့ သူတို့စားသောက်ဆိုင်မှာ လူကြိုက်များပြီး နာမည်ကြီးတဲ့ အစားအစာတစ်မျိုးပါ။ ရုရှားလူမျိုးတွေအနေနဲ့ အစားမစားခင်မှာ စားမြိန်စေဖို့အတွက် ဒီဟင်းလျာကို အရင်ဆုံး သုံးဆောင်လေ့ရှိပါတယ်။

MyFood Myanmar က Foodies လေးတွေလည်း ဒီဟင်းလျာကို အိမ်မှာ ပြင်ဆင်ပြီးလို့ စားသုံးကြည့်မယ်ဆိုရင်လည်း အကြိုက်တွေ့ကြမှာပါ။

ပါဝင်ပစ္စည်းများ

  • အရိုးမပါတဲ့ ကြက်ရင်အုံသား တစ်ခြမ်း

  • မှို ပန်းကန်လုံး ၃ ပုံ ၂ ပုံခန့်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • အချောင်းလိုက်လှီးထားသော ချိစ် ပန်းကန်လုံး တစ်လုံးခန့်
  • ခရင်မ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • နွားနို့ ဖန်ခွက် ၃ ပုံ ၂ ပုံခန့်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • လှီးဖြတ်ထားသော နံနံပင်အရွက် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်သားတုံးကို တစ်လက်မစီ လှီးဖြတ်ထားလိုက်ပါ။ မှိုများကိုလည်း ကန့်လန့်လိုက်လှီးထားပြီး ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။

လက်ကိုင်ပါတဲ့ ဒယ်အိုးထဲမှ သံလွင်ဆီ စားပွဲတင်ဖွန်း တစ်ဇွန်းထည့်ပြီး အပူပေးလိုက်ပါ။ ထို့နောက် ကြက်သားများထည့်ပြီး ၅ မိနစ်ခန့် ကြော်ပေးပါ။ ကြက်သွန်နီထည့်ပြီး ၂ မိနစ်ခန့် ကြော်ပါ။ မှိုထည့်ပြီး ဆားနှင့် ငရုတ်ကောင်းအနည်းငယ်ထည့်ကာ ၁၀ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ခရင်မ်အရသာ ဆော့စ်ပြင်ဆင်ဖို့အတွက် ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းကို အိုးအသေးလေးထဲထည့်ပြီး အရည်ပျော်အောင် ပြုလုပ်ပါ။ ဂျုံမှုန့်ထည့်ပြီး မွှေပေးပါ။ ထို့နောက် နွားနို့များကို တစ်ခါထည့်ရင် နည်းနည်းချင်းစီထည့်ပြီး မွှေပေးပါ။ အကုန်လုံးလောင်းထည့်လိုက်မယ်ဆိုရင် အတုံးအခဲတွေဖြစ်သွားပါလိမ့်မယ်။ နွားနို့အကုန်လောင်းထည့်လို့ ပြီးရင်တော့ ခရင်မ်ထည့်ပြီး ဆားနှင့် ငရုတ်ကောင်းအနည်းငယ်ထည့်ကာ မွှေပေးလိုက်ပါ။

Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားလိုက်ပါ။ ဖန်ခွက်လုံး လေးလုံးထဲသို့ ကြော်ထားသော ကြက်ကြော်နဲ့မှိုများကို အညီအမျှခွဲထည့်လိုက်ပါ။

ခုနက ပြင်ဆင်ထားတဲ့ ခရင်မ်ဆော့စ်ကို ဖန်ခွက်ထဲလောင်းထည့်လိုက်ပါ။

ထို့နောက် ချိစ်အချောင်းလေးများကို အညီအမျှခွဲထည့်ပေးပြီးနောက် Oven ထဲမှာ ၁၅ မိနစ်ခန့် ထည့်ထားပါ။

အချိန်ပြည့်သွားရင်တော့ Oven ထဲက ထုတ်ပြီး နံနံပင်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။ နံနံပင်မကြိုက်သူများကလည်း နံနံပင်မထည့်ဘဲ သုံးဆောင်နိုင်ပါတယ်။

Source: www.mydeliciousmeals.com