ဆားမပါတဲ့ ဟင်း ပေါ့ပျက်ပျက်နဲ့ဆိုတဲ့ ဆိုရိုးစကားဟာ မီးဖိုချောင်တိုင်းကို ရည်ညွှန်းနေသလိုပါပဲ။ မီးဖိုထဲမှာ မရှိမဖြစ် ပစ္စည်းကို ပြောပါရင်ဆို ဆားလည်း အပါအဝင်ပါပဲ။ ဆားမရှိတဲ့ အိမ်ဆိုတာ မရှိသလောက်ပါပဲ။ အိမ်တိုင်း အသုံးပြုနေပြီး တစ်ကမ္ဘာလုံး မငြင်းတဲ့ ဆားဟာ ဘာကြောင့် ဘယ်လို စားသုံးဖို့ ဖြစ်လာပါသလဲ ?

ဆားဆိုတာဟာ ဆိုဒီယမ်ကလိုရိုက်လို့ ခေါ်တဲ့ သိပ္ပံဝေါဟာရ ကနေ လာတာပါ။ ပင်လယ်ရေကနေ ဆားကို ရနိုင်မှန်း သိကြပါတယ်။ ပင်လယ်ရေ တစ်ဂါလံမှာ ဆား ၄အောင်စ ပါဝင်ပါတယ်။ ဆားလွှာ ရှိတဲ့ နေရာတွေမှာ ကျောက်မီးသွေး တူးသလို တူးကြပြီး ပင်လယ်ရေကနေလည်း ထုတ်ယူကြပါတယ်။

မြန်မာနိုင်ငံမှာ ဆားထုတ်တဲ့ နည်းကတော့ ဆားရည်ကို ခန်းတဲ့ အထိ မြေတွင်းမှာ နေလှန်းပါတယ်။ ပြီးရင် မီးနဲ့ ထပ်ချက်ပါတယ်။ ။ ဆားကို အဓိက ရောင်းချတဲ့ နိုင်ငံတွေကတော့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ရုရှ၊ အိန္ဒိယ၊ အမေရိကန်နဲ့ တရုတ်တို့ပဲ ဖြစ်ပါတယ်။

ဆားဟာ ရှေးအကျဆုံး အစားအစာ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ ရှေးအကျဆုံး လမ်းတွေဟာ ဆားသယ်ဆောင်ဖို့ အတွက် ဖောက်လုပ်ခဲ့ကြတဲ့ လမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရှေးယခင်က ဆားကို စစ်ဖြစ်ပြီးတောင် ယူကြရတဲ့ ကာလတွေ ရှိခဲ့ပါတယ်။

ဆားဟာ ဘာကြောင့် အရေးပါသလဲ ဆိုရင်တော့ လူတွေ အသက်ရှင်နေထိုင်ဖို့ အတွက် ဆားကို လိုပါတယ်။ လူတင်မက သက်ရှိတွေ အားလုံးအတွက် လိုအပ်တာပါ။ စားသောက်တဲ့ အစာတွေကို ချေဖျက်ဖို့ ဟိုက်ဒရိုကလောရစ် အက်ဆစ်ကို ဆားကနေ ရရှိကြပါတယ်။  ဆားဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ပါဝင်မှုကို ထိန်းညှိပေးရာမှာ ပါဝင်ပါတယ်။

အထူးသဖြင့် အရည်တွေရဲ့ ပါဝင်မှုကို မျှခြေ ရအောင် ထိန်းထား ပေးရပါတယ်။ လူ့ခန္ဓာကိုယ် ထဲက အာရုံကြော နာဗ်ကြောအဖွဲ့မှာ လျှပ်စစ်ဓာတ် ဆိုင်ရာ အချက်ပြမှု အတွက် ဆိုဒီယမ်အိုင်းယွန်းလို့ ခေါ်တဲ့ ဓာတ်ဆားကို အသုံးချရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ၊ သတ္တဝါတွေ အသက်ရှင်သန်ဖို့ အတွက် ဆားဟာ အရေးပါလှ ပါတယ်။ ဆားကို လိုတာထက်ပိုပြီး စားရင်တော့ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။

ဆားကို စားသုံးရာမှာတင်မကဘဲ အစားအစာတွေကို ကြာရှည်ခံအောင် အသုံးပြုတဲ့ နေရာမှာလည်း သုံးပါတယ်။ ရောဂါပိုးတွေကို သေစေနိုင်တာကြောင့် လည်ချောင်းနာတဲ့ အခါ ဖြစ်စေ၊ သွားနာတဲ့ အခါဖြစ်စေ ဆားရည် ခဏငုံပြီး ထွေးပေးရပါတယ်။ ဆားမှာ အမျိုးမျိုး ရှိပြီး အစားအစာ အတွက် သုံးတဲ့ ဆားကတော့ အိမ်သုံးဆား၊ အိုင်အိုဒင်းဆား၊ စားပွဲတင်ဆားတွေပါ။ လူတစ်ဦး အနေဖြင့် တစ်နေ့တာ လိုအပ်တဲ့ဆား (ဆိုဒီယမ်ကလိုရိုက်) ပမာဏဟာ အသက်အရွယ်  အလိုက် ၁၅၀ဝ မီလီဂရမ်မှ ၂၃၀ဝ မီလီဂရမ် ပဲ ဖြစ်ပါတယ်။

Ref: Swansone, MgMandalay