ရွှေဖယုံသီး ဟာကျန်းမာရေးအတွက် အင်မတန်ထောက်အကူပြုသော အသီးအနှံပါ ။  ရွှေဖယုံသီး ကို အခွံနဲ့ စားလျှင် ပိုဆေးဘက်ဝင်သောကြောင့် အခွံပါ အကုန် စားလို့ ရအောင် တစ်လုံး လုံးကို အစာသွပ်ပြီး ပေါင်းတဲ့ နည်းလေးကို ပြန်ရှယ်လိုက်ပါတယ် ။

ပါဝင်ပစ္စည်း

  • ဖယုံသီးအလုံး – ၁ လုံး (အပေါ်ခွံလေးကို ကွင်းလှီးပြီး အထဲက အနှစ်များထုပ်ပြီးရေဆေးထားပါ)
  • ဂဏန်း – ၃ ကောင် (ထက်ခြမ်းခြမ်းထားပါ)
  • ပုဇွန်ကြီး – ၁၀ ကျပ်သား (အခွံချွတ်ထားပါ)
  • ပဲကတီပါ – ခွက် တစ် ဝက် (ပြုတ်ပြီးသား)
  • ပင်စိမ်း – ၃ ပင် ( ခတ်ကြမ်းကြမ်းလေး အရိုးပါဖြတ်ထားပါ)
  • အုပ်စု(က)
  • ခရမ်းချဉ်သီး   –  ၃ လုံး (အစေ့ထုပ်ပြီး အတုံးလေးတွေလှီးထားပါ)
  • ကြက်သားမှုန့်  –  ၄ ဇွန်း  (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်နီ   –  ၂ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ   –  ၂ မွှာလောက် (ထောင်းထားပါ)
  • ဆီ  –  ၁ ဇွန်း  (ထမင်းစားဇွန်း)
  • စပျစ်ဝိုင် –   ၁ ဇွန်း (ထမင်းစားဇွန်း)
  • ထောပတ်  –  ၂ ဇွန်း  (ထမင်းစားဇွန်း)

ပြုလုပ်နည်း

  1. ဖယုံသီးကို အလုံးလိုက် ရေစဉ်အောင် ဆေးပါ။ ပြီးလျှင် အညှာထိပ်နားလေးကနေ အဝိုင်းလေး လှီးပါ။ ပြီးလျှင် အထဲမှ အနှစ်များကို ဇွန်းလေးဖြင့် ခြစ်ထုပ်ပါ။ ခြစ်ပြီး ပြောင်သွားလျှင် ရေဆေးပါ။ ကြက်သားမှုန့်ဖြင့် ဖယုံသီးရဲ့ အတွင်းပိုင်း လေးတွေကို့နှံအောင် ပွတ်ပေးပါ။
  2. ဒယ်အိုး ပူလာလျှင် အုပ်စု (က) မှ ဝိုင်ကလွဲလို့  ပစ္စည်းအားလုံး ထည့်တည်ပါ။ ကြက်သွန်ဖြူ-နီ၊ ခရမ်းချဉ်သီး နွမ်းလာလျှင် ဝိုင်ထည့်ပါ။ အငွေ့များ တက်သွား ပါလိမ့်မယ်။ အဲဒီအခါကြရင် ပဲကတီပါ၊ ဂဏန်း နဲ့ ပုဇွန်ကို ထည့်ပြီး ရေအနည်းငယ် ဖြင့် တည်ပါ။ ဂဏန်း၊ ပုဇွန် အရောင်ပြောင်းလာလျှင် ဆားမြည်းပါ လိုတာ ထပ်ဖြည့်ပြီး ပင်စိမ်း အုပ်ပါ။ ပြီးလျှင် မီးဖို ပေါ်မှ ချထားပါ။
  3. ပေါင်းအိုးကို ရေဆူအောင် တည်ထားပါ။ ပြီးလျှင် ဖယုံသီးထဲ သို့ ဂဏန်းချက်ကို သိပ်၍ အစာသွပ်ပါ။
  4. အစာသွပ်ပြီးသား ဖယုံသီးလေးများကို အပေါ်ထိပ်အုပ်လေး ပြန်အုပ်ပြီး foil ဖြင့် အလုံပတ်ပါ။ ပြီးလျှင် မိနစ် ၁၅ မိနစ် လောက် ပေါင်းပါ။ (ဖယုံသီး အရွယ်ပေါ် မူတည်ပြီး ဖုတ်တဲ့ အချိန် ပိုသွားပါတယ်။ ၂၀ -၃၅ မိနစ်လောက်ပါ။)
  5. ဖယုံသီး နုးမနုးကို စမ်းချင်ရင်တော့ foil ကို အသာဖယ်ပြီး ဖယုံသီးလေး ကို ဓားချွန်လေးဖြင့် အသာလေး ထိုးကြည့်ပါ ။ဓားသွား အသာလေး ချောမွေ့ စွာ ထိုးလို့ ရရင်တော့ ရပါပြီ။ အရမ်းကြီး နူးအိအောင် မပေါင်းပါနဲ့ ။  လိုသလောက် လေးတွေ လှီးပြီး စားသုံးလို့ ရပါပြီ။ အေးချမ်းသော ဒီဇင်ဘာလမှာ ဖယုံသီး ပင်လယ်စာ အစာသွပ်ပူပူလေး စားပြီး နွေးထွေးမှု ဓာတ်ကို ရယူနိုင်ပါတယ် ။