မယ်ဇလီပင်ဟာ အရှေ့တောင်အာရှကနေ စတင်ပေါက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မယ်ဇလီဆိုတာ အပင်တစ်မျိုး ဖြစ်ပြီး အရွက်နဲ့ အဖူးကို စားရတာပါ။ မယ်ဇလီဖူးသုပ်ဟာ တန်ဆောင်မုန်းလပြည့်နေ့မှာဆို ဆေးပေါင်းခတယ်ဆိုတဲ့ အယူအဆတစ်ခု အနေနဲ့ သုပ်စားကြပါတယ်။

မယ်ဇလီဟာ ပြုတ်ပြီး သုပ်စား၊ တို့စား ကြသလို အရွက်ကိုလည်း ဟင်းချို ချက်စားကြပါတယ်။ ခံတွင်းမြိန်စေပြီး နာလန်ထ လူမမာတွေအတွက်တော့ ခံတွင်းလိုက်စေမယ့် ဟင်းရည် တစ်ခွက်ပါ။

မယ်ဇလီဖူးနဲ့ အရွက်တို့မှာ ကယ်လိုရီ အနည်းငယ်၊ ပရိုတိန်း၊ အဆီဓာတ်၊ ကစီဓာတ်၊ ထုံးဓာတ်၊ သံဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတူး၊ နိုင်ယာစင်၊ ဗီတာမင်စီ တို့ ပါဝင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရခဲတဲ့ ဆေးဖက်ဝင်တဲ့ Glycosides, Terpenoids, Tannins, Saponins, Flavonoids နှင့် Steroids တွေလည်း ပါဝင်ပါသေးတယ်။ အရသာမှာ ချို၊ ဆိမ့်၊ ဖန် သုံးမျိုးရောပြီး ခါးသက်သက် အရသာကတော့သိသိသာသာ ခံစားရနိုင်ပါတယ်။

malzali

မယ်ဇလီဖူးကို သုပ်စားရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အူမကြီးကို ကောင်းစွာ အလုပ်ပေးပြီး အသည်းကိုလည်း ကောင်းစေပါတယ်။ ပါးစပ်အတွင်း အပူနာဖြစ်ခြင်းကို မယ်ဇလီရွက်ကို ပြုတ်သောက်ပေးရင် သက်သာစေပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေနိုင်တဲ့ အပြင် အဆိပ်ရှိတဲ့ သတ္တဝါတွေကို အကိုက်ခံရပါက အရွက်ကို ချေပြီး အုံပေးရင် သက်သာစေပါတယ်။ မယ်ဇလီဖူးကို စားခြင်းကြောင့် ကိုယ်ထဲက မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။

မယ်ဇလီကို အနောက်တိုင်းမှာတော့ အဓိက ပရိဘောဂတွေ ပြုလုပ်ရာမှာ Black Wood လို့ နာမည်ကြီးပြီး အသားမာပြီး လူကြိုက်များတဲ့ သစ်တစ်မျိုး ဖြစ်ပါတယ်။

မယ်ဇလီဖူးကို သုပ်မယ်ဆိုရင်တော့ အဓိက လိုအပ်တာတွေဟာ ပြုတ်ထားတဲ့ မယ်ဇလီဖူး၊ ကြက်သွန်နီ အနေတော် တစ်လုံး၊ ပဲအကျတ်မှုန့်၊ ငံပြာရည်၊ ပုဇွန်ခြောက်၊ အရသာမှုန့်၊ ဆီချက်၊ သံပုရာသီး တို့ပါပဲ။ ပြီးရင် အရသာကို ရောနယ်ပြီး အရသာ မြည်းကြည့်ပြီးရင် ရပါပြီ။

မဲဇလီရွက် ဟင်းချိုကတော့ ပုဇွန်ခြောက်နဲ့ ချက်လို့ ရသလို ငါးနဲ့လည်း ချက်လို့ ရပါတယ်။ ခရမ်းသီးကို မီးဖုတ်ပြီး ထည့်သောက်ရင် အချိုဓာတ်ကို လေးပင်စေပါတယ်။

အချို့ကလည်း ခရမ်းချဉ်သီး ထည့်ကြပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီအနည်းငယ်၊ နနွင်း၊ ဆား၊ ဆန်လှော်ထည့်ချင်ရင် ဆန်လှော်အနည်းငယ်၊အရသာမှုန့် တို့ ထည့်ဝင်ပြီး ချက်လို့ ရပါတယ်။ မယ်ဇလီရွက်ကို  အရင်ပြုတ်ပြီး ပထမရည်ကို သွန်ပစ်ပါ။ ပြီးရင် ထပ်ပြုတ်ပါ။ ငါးကို ပြုတ်ပြီး အရိုးနွှင်ထားပါ။

ပုဇွန်ခြောက်ဆိုရင်လည်း မညက်တညက်လေး ထောင်းထားပါ။ ဆီလေးကို ပါတယ်ဆိုရုံလေး ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ကြက်သွန်တွေ နူးလာပြီဆိုရင် ငါးနဲ့ ခရမ်းသီးကို ထည့်ပြီး မွှေပါ။ ပြီးရင် ရေထည့်ပါ။ ရေဆူလာရင်တော့ ဆန်လှော်ထည့်ချင်ရင် ထည့်ပါ။

အရသာမြည်းပြီး လိုသလို ပြင်လိုက်ရင် အခါဓာတ် မပါသလောက် ဖြစ်သွားတဲ့ ခံတွင်းမြိန်စေမယ့် မယ်ဇလီရွက် ဟင်းချိုကို သုံးဆောင်လို့ ရပါပြီ။ အခါးကို သက်သာစေချင်ရင် ထမင်းရည် ထည့်ချက်ကြပါတယ်။

Ref: 08hachi, Pauk Pauk