ရှမ်း - Shan | ဝက်သား - Pork | ဟင်းသီးဟင်းရွက် - Vegetables

ဇီးဖြူခေါက်ဝက်သားလုံး (ပအိုဝ်းစတိုင်)

June 22, 2016

ဇီးဖြူခေါက်ဝက်သားလုံး (ပအိုဝ်းစတိုင်)

Share this on:

ပအိုဝ်းတိုင်းရင်းသားရိုးရာဟင်းတစ်ပွဲနဲ့မိတ်ဆက်လိုက်ပါတယ် ။ တိုင်းရင်းသားတွေရဲ့ကိုယ့်နည်းကိုဟန်နဲ့ သဘာဝဟင်းအမယ်လေးတွေကို အသုံးပြုပြီး လုပ်ထားတာမို့ စားနေကျနဲ့မတူပဲ တစ်မျိုးဆန်းသစ်နေမှာပါ ။

ပါဝင်ပစ္စည်းများ

  • ဝက်လိုင်းသား - 400 g
  • ဂျူးမြစ် - 250g
  • ဇီးဖြူပင်အခေါက် - 20 g
  • ကန်ဇွန်းရွက် - 200 g
  • ရှမ်းနံနံ - 30 g
  • ငရုတ်သီးအရောင်တင်မှုန့် - 5 g
  • နနွင်းမှုန့် - 3 g
  • သကြား - 5 g
  • ကြက်သားမှုန့် - 15 g
  • ဆား - 5 g
  • နေကြာဆီ - 15 g

ပြင်ဆင်ချက်ပြုတ်နည်း

  1. ဝက်လိုင်းသားကို ဓါးဖြင့် ညက်သည်အထိ စဉ်းထားပါ ။  ဇီးဖြူပင်အခေါက်ကို သခွားခြစ်ဖြင့် အမျှင်လေးတွေရအောင် ခြစ်ထားပါ ။ အတွင်းသားမပါပါ။ အခေါက်သီးသန့်ရအောင် ခြစ်ယူရပါမည် ။
  2. ပြီးလျှင် ဆားဖြင့် နာနာနယ်၍ ရေခနစိမ်ထားပါ ။  ပြီးမှ ရေညှစ်ထုပ်ထားပါ ။  ရေညှစ်ပြီးမှ ညက်အောင်ထောင်းထားပါ ။
  3. ဂျူးမြစ်ကို အမြစ်ကြီးသီးသန့် 1 cm ခန့် လှီးပြီး မညက်တညက်ထောင်းပါ ။  ထောင်းပြီးလျှင် အရေကို ညှစ်ထုတ်ထားပါ။
  4. ကန်ဇွန်းရွက်ကို အနေတော်ခြွေပြီး ရေသေခြာဆေး ရေစစ်ထားပါ ။  ရှမ်းနံနံကို ရေသေခြာဆေးရေစစ်ပြီး ခပ်ရိပ်ရိပ်လေးလှီး
  5. အစလေးများရအောင် ပြန်စဉ်းထားပါ ။
  6. အားလုံးအသင့်ပြင်ပြီးလျှင် စဉ်းထားသောဝက်သားထဲသို့ ဇီးဖြူခေါက် ၊ ဂျူးမြစ် ၊ ငရုတ်သီးအရောင်တင်မှုန့် ၊ ရှမ်းနံနံ ၊ နနွင်းမှုန့် ၊ သကြား ၊ ဆား နှင့် ကြက်သားမှုန့် 10 g ထည့်ပြီး သမအောင်နယ် နာရီဝက်ခန့်နှပ်ထားပါ ။
  7. အားလုံးအဆင်သင့်ဖြစ်လို့ စချက်ရန် အောက်ခြေညီသောဒယ်အိုးထဲသို့ ကန်ဇွန်းရွက်ဖြန့်ခင်းပါ ။ ဆီအပေါ်မှ လောင်းပေးပြီး အပေါ်ပိုင်းရှိ အရွက်များကို ဆီသုတ်ပေးပါ ။
  8. ကျန်ရှိသော ကြက်သားမှုန့် 5 g ကို အပေါ်မှနှံ့အောင်ဖြူးပေးပါ ။  ပြီးလျှင် နှပ်ထားသော ဝက်သားကို အနေတော်အလုံးလေးများ ပြုလုပ်ပြီး ကန်ဇွန်ရွက်ပေါ်တွက် ဖြန့်တင်ပေးပါ ။  ဒယ်အိုးအဖုံးကို ပြန်ပိတ်ပြီး မီးအသင့်အတင့်ဖြင့် ဆယ်မိနစ်မှဆယ့်ငါးမိနစ်ခန့်အထိ တည်ထားပါ ။  ဒါဆိုရင်တော့ စားရတာ အရသာတစ်မျိုးလေးဆန်းနေမယ့် ဇီးဖြူခေါက်ဝက်သားလုံး (ပအိုဝ်းစတိုင်)ဟင်းတစ်ခွက် ရပါပြီ ။
ဇီးဖြူခေါက်အရသာ ဖန်ဖန်လေးနဲ့ စားရတာ အရမ်းလေးလေးပင်ပင်ရှိပါတယ် ။  အသားလုံးလုပ်တဲ့နေရာမှာ ကျန်တဲ့ အဆာပလာတွေ ထည့်မထားပေမယ့် ဇီးဖြူခေါက်နဲ့ ဂျူးမြစ်ကြောင့် အသားလုံးလေးတွေဟာ ကြေမသွားပဲ မာမာလေးဖြစ်နေတာ တွေ့ရပါလိမ့်မယ် ။  အခုသုံးထားတဲ့ ဝက်သားနေရာမှာ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးကို ပြောင်းချက်လို့ရသလို အောက်မှာခင်းတဲ့ ကန်ဇွန်းရွက်နေရာမှာလည်း မိမိနှစ်သက်ရာအရွက်တစ်မျိုးမျိုး ပြောင်းထည့်လို့ရပါတယ် ။

Credit: Kyaw Linn

Review

User Rating

4 (1 Votes)