မိုးရာသီနဲ့ အလိုက်ဖက်ဆုံး အစားအစာဖြစ်တဲ့ ပုဇွန်သောက်ဆမ်း ဟင်းလျှာကို  ရုံးပိတ်ရက်မှာ သူငယ်ချင်းတွေဆုံလို့ ချက်စားဖြစ်ခဲ့တာမို့  ရေးတင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်
  • ငရုတ်သီးစိမ်း
  • မျှင်ငပိ အနည်းငယ်
  • ဆနွင်း
  • ဆား
  • ဂျင်းစိမ်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဆီ
  • သံပုရာသီး
  • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန်ခေါင်းက အမွေးတွေကို ဖြတ်ညှပ်ပြီး ရေဆေးပေးထားပါ ။
  2. ငရုတ်သီးစိမ်းကို အပိုင်းပိုင်းညှပ်ထည့် ၊ ဒါမှမဟုတ် ၂ ခြမ်းခွဲထည့် ၊ မျှင်ငပိ အနည်းငယ် ၊ ဆနွင်း ၊ ဆား ၊ ဂျင်းစိမ်း ဓါးပြားရိုက် (ရေခဲရိုက် ပုဇွန်တွေက ညှီနံ့ ရတတ်တာမို့ ညှီနံ့ပျောက်အောင်အနည်းငယ်ထည့် )၊ ကြက်သွန်ဖြူ မညှက်တညှက် ထောင်း ၊ ကြက်သွန်နီ ပါးပါးလှီး ၊ ဆီအနည်းငယ်တို့ဖြင့် သမအောင် မွှေပြီးခဏချက်ပေးပါ။
  3. ပုဇွန်မှ အရည်ထွက်ကာ အနံမွှေးလာမှ ရေကို လိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် ချက်ပေးပြီး အပေါ့အငံမြည်းပေးပါ ။ မီးဖိုးမှ ချခါနီးတွင် နံနံပင်အုပ်ပေးပြီး စားခါနီးတွင် သံပုရာရည်ညှစ်ထည့်ပြီး ပူပူလေး စားသုံးပါ ။ ငရုတ်သီးကြိတ် ၊ တို့စရာဖြင့် တွဲပြီး စားသုံးတယ်ဆိုရင်ကို ထမင်းမြိန်ဖို့က သေချာသွားပါပြီ ။

ပုဇွန်သောက်ဆမ်းဟင်းက တခြား ငါးသောက်ဆမ်း ၊ ကြက်သောက်ဆမ်း၊ ကင်းမွန်သောက်ဆမ်းတွေ ချက်ရတာလို မခက်ခဲပဲ လွယ်ကူမြန်ဆန်စွာ ချက်စားနိူင်ပြီး ပုဇွန်က အချိုဓါတ်ပေးစွမ်းတာမို့ အရသာမှုန့် ၊ ဟင်းချိုမှုန့်ကို သုံးစရာမလိုပဲ ချဉ်ငံစပ် ပုဇွန်သောက်ဆမ်း အရသာက ပြည့်စုံနေပြီးမို့ ခုပဲချက်စားကြည့်လိုက်ကြပါစို့လား ။

Credit: KyaukPhyuThu