မသီတို့ အကင်အိုးလေးနဲ့ Simple Butter Cake လေးဖုတ်တာ အခု ဒုတိယ အကြိမ်မှာ အဆင်ပြေ သွားပြီမို့ ကိတ်မုန့် ဖုတ်နည်းလေး ပြောပြပေးပါ။  YouTube ကနေ ကြည့်ပြီး လိုက်လုပ်တဲ့ Recipe လေးမို့ အနံ့ အရသာ အရမ်း အဆင်ပြေပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ကိတ် တစ်လုံးစာ)

  • ကြက်ဥ – ၃ လုံး
  • နွားနို့ – ၄၀ ml
  • ဗင်နီလာ အနံ့ – ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဇကာ ချထားတဲ့ ကိတ်ဂျုံ – ၁၅၀ ဂရမ် (၁၀ ကျပ်သား)
  • သကြား – ၁၅၀ ဂရမ် (၁၀ ကျပ်သား)
  • ထောပတ် – ၁၈၀ ဂရမ် (၁၂ ကျပ်သား)
  • Baking Powder – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ပြုလုပ်နည်း

ကိတ်ဂျုံ မရှိလျှင် All Purpose Flour ၁၂၀ ဂရမ် ထဲကနေ ထမင်းစားဇွန်း ၂ ဇွန်းစာ ဖယ်ထုတ်လိုက်ပြီး Corn Starch ထမင်းစားဇွန်း ၂ ဇွန်း ပြန်ရောလိုက်လျှင် ကိတ်ဂျုံ ရပါပြီ။

ဇလုံတစ်ခု ထဲမှာ ကြက်ဥ၊ နွားနို့ နဲ့ ဗင်နီလာအနံ့ တို့ကို ညက်အောင် ခေါက်ထားပါ။ ဂျုံမှုန့်၊ သကြား နဲ့ Baking Powder တို့ကို ဇလုံတစ်ခုမှာ သမအောင် မွှေပေးပါ။

ပြီးရင် ထောပတ် ထည့်၍ ဂျုံမွှေစက် နဲ့ အစပိုင်း ၂ မိနစ်လောက်ကို ခပ်ဖြေးဖြေးနဲ့ နောက်ပိုင်း အလည်အလတ် အလျင် နဲ့ မုန့်သား ညက်သည်အထိ ဆက်လှည့်ပေးပါ။

ပြီးလျှင် ကြက်ဥရည် ၃ ပုံ ၁ ပုံကို လောင်းထည့်ကာ ဆက်မွှေပါ။ တစ်သားတည်း ဖြစ်ရင် နောက်ထပ် ကြက်ဥရည် ၃ ပုံ ၁ ပုံကို ထပ်လောင်းထည့်ပြီး မွှေပါ။

နောက်ဆုံး တစ်သားတည်း ဖြစ်သွားရင် ကြက်ဥရည် လက်ကျန်အကုန် လောင်းထည့်ပြီး မုန့်သား ညက်သည်ထိ ဆက်မွှေပေးပါ ။ ပြီးနောက် မုန့်ဖုတ်ခွက်ထဲ လောင်းထည့်ပြီး မျက်နှာပြင် ညှိပေးပါ။

ထို့နောက် အပူချိန် ၁၈၀ ‘C နဲ့ အိုးကို ၁၀ မိနစ်ခန့် ကြိုတင် အပူပေးပြီး မုန့်ဖုတ်ခွက်ကို အိုးထဲထည့် စင်အနိမ့်မှာ တင်ပြီး ၄၅ မိနစ် ဖုတ်ပေးပါ။

မုန့်စဖုတ်ပြီး ၁၀ မိနစ်လောက်မှာ အပေါ်ယံ တင်းလာပြီ ဆိုရင် ဂျုံမွှေ စက်ထဲက Spatula လေးနဲ့ ကိတ်ရဲ့ အလယ် လေးကို ကွဲကြောင်းလေး ပေးထားလိုက်ပါ။

မုန့်မျက်နှာပြင် သိပ်မမဲ စေဖို့ မုန့်ဖုတ်ချိန် ၁၅ မိနစ်မှ မိနစ် ၃၀ လောက် အထိကို Aluminum Foil လေး အုပ်ပေးထား နိုင်ပါတယ်။

မုန့် အတွင်းပိုင်း ကျက်မကျက် သိလိုပါက ဝါးတုတ်ချွန် လေးနဲ့ အထဲကို ထိုးကြည့်ပြီး ပြန်ထုတ် တဲ့အခါ တုတ်ချောင်းလေးမှာ မုန့်နှစ်ရည် ကပ်မပါ လာတော့ဘူး ဆိုရင် မုန့်သား အကုန် ကျက်ပါပြီ။

ပြီးလျှင် ခွက်ကို စက်ထဲမှ ထုတ်ကာ မုန့်ကို ခဏ အအေး ခံပြီးမှ ဘေးပတ်ပတ် လည်ကို Spatula လေးနဲ့ လိုက်ထိုးပြီး အပြင်ကို ခပ်ဖြေးဖြေး ထုတ်ယူပါ။ ကိတ်လေး အေးပြီ ဆိုမှ မုန့်ချပ် လေးတွေ လိုသလို လှီးယူပါရှင်။ အနံ့ အရသာ ပြောစရာမရှိအောင် အရမ်း စားကောင်းပါတယ်လို့။

Credit: ThiThi DoneDone