အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် အလွယ်တကူပြုလုပ်နိုင်မယ့် အရသာရှိသော ကြက်ဥသုပ် အစာသွပ်ပေါင်မုန့်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

မနက်စာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ ပြုလုပ်ရတာလွယ်ကူတဲ့အစားအစာကို ကိုယ်တိုင်လုပ်စားရတာလောက် အရသာရှိတာ မရှိပါဘူး။ ဒါဆိုရင် ပါဝင်ပစ္စည်းလေးတွေနဲ့ ပြုလုပ်နည်းအဆင့်ဆင့်ကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

Photo Source: www.archanaskitchen.com

  • မီးကင်ထားသော ပေါင်မုန့် ၅ ချပ်
  • မိရောနိစ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် တစ်ဝက်
  • မုန်ညင်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ်အနည်းငယ် (မထည့်လည်း ရပါတယ်)

ကြက်ဥပြုတ်ရင်

  • ကြက်ဥပြုတ် ၅ လုံး
  • ကြက်သွန်ဖြူမှုန့်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ဥပြုတ် ၅ လုံးကို အခွံခွာပြီး နုတ်နုတ်စင်းထားပါ။ ပြီးတဲ့အခါ ပန်းကန်လုံးလေးထည့် ထည့်ထားလိုက်ပါ။

ထို့နောက် ကြက်ဥပန်းကန်လုံးလေးထဲသို့ မိရောနိစ်နဲ့ မုန်ညင်းဆီထည့်ပြီး မွှေလိုက်ပါ။ ကြက်သွန်ဖြူမှုန့်နဲ့ ငရုတ်သီးမှုန့်အနည်းငယ်၊ ဆားအနည်းငယ်ထည့်ပြီး နယ်ပေးလိုက်ပါ။ အရသာအနည်းငယ်မြည်းကြည့်ပြီး လိုအပ်ပါက ဆားအနည်းငယ်ထပ်ထည့်ပါ။

နယ်ထားတဲ့ ကြက်ဥအစာသွပ်ကို ပေါင်မုန့်ချပ်ပေါ်တင်ပြီး ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးကာ စားသုံးနိုင်ပါပြီ။ မနက်စာအဖြစ် ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည်တို့နဲ့တွဲဖက်စားသုံးနိုင်သလို နေ့ခင်းနေ့လည် ဗိုက်ဆာတဲ့အခါမှာလည်း သရေစာမုန့်အဖြစ်စားသုံးနိုင်ပါတယ်။

Source: www.mydeliciousmeals.com