တစ်နှစ်တခါ ကျင်းပမြဲဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားစရာအခံရဆုံး Singapore Food Festival ကတော့ ၂၀၁၈ ခုနှစ်မှာ ၂၅ နှစ်ပြည့်သွားပါပြီ။ စင်ကာပူခရီးသွားအဖွဲ့အစည်းက ဦးစီးကျင်းပတာဖြစ်ပြီး ဇူလိုင် ၁၃ ရက်ကနေ၂၉ ရက်အထိ တစ်လလုံးမြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီပွဲလေးကို လူအများကြိုက်နှစ်သက်ရတဲ့အချက်ကတော့ စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းစားဖိုမှုးကြီးများရဲ့လက်ရာတွေ ရိုးရာအစားအသောက်တွေ၊ စုံလင်တဲ့ လူမျိုးစုတွေရဲ့ မတူညီတဲ့ ဟင်းလျာတွေ၊ စင်ကာပူဒေသခံ ထိပ်တန်းစားဖိုမှုးတို့ရဲ့ ဆန်းသစ်တီထွင်ထားတဲ့ Menu အသစ်တွေ အားလုံးကို တစ်နေရာထဲမှာပဲရနိုင်တာဖြစ်ပါတယ်။

ဒီပွဲက အစားအသောက်ကို တကယ်ခုံမင်တဲ့သူတွေတင်မကဘူး။ Food Art ဆိုတဲ့ အစားအသောက်ကို အလှဆင်တာတွေအပြင် အစားအသောက်နဲ့ပတ်သတ်ပြီး တီထွင်ဆန်းသစ်မှုတွေကိုပါ လေ့လာချင်သူများအတွက် တစ်စုတစ်စည်းထဲ ခင်းကျင်းပြသနေတာမို့ နိုင်ငံရပ်ခြား ခရီးသွားသူတွေအတွက်တော့ ဒီလိုအချိန်မှာ သွားလည်ဖို့ အသင့်တော်ဆုံးအချိန်ပါပဲ။

ကျင်းပတဲ့ တစ်လလုံးမှာလည်း ထူးခြားတဲ့ပွဲတွေ Concert တွေ ဟင်းချက်အစီအစဉ်တွေ စသဖြင့် ခမ်းခမ်းနားနားမို့ The Best Month of the Year for Food (Foodie လေးတွေအတွက် စားသောက်စရာတွေစုံလင်တဲ့ နှစ်တစ်နှစ်ရဲ့ ပျော်စရာအကောင်းဆုံးလ)လို့တောင် သတ်မှတ်လို့ရပါတယ်။ နိုင်ငံရဲ့ နေရာ ၄ ခုလောက်ကို လှည့်ပတ်ကာ တစ်နေရာကို ပွဲခေါင်းစဉ်တစ်ခုစီပေးထားတဲ့အပြင် တစ်နေရာနဲ့ တစ်နေရာ မတူညီကွဲပြားပြီး စိတ်လှုပ်ရှားစရာတွေနဲ့ လွှမ်းခြုံထားတာမို့ နိုင်ငံရပ်ခြားကို သွားလည်ဖို့ စဉ်းစားနေရင် မြန်မာနဲ့အနီးဆုံးလည်းဖြစ် မြန်မာလူမျိုးတွေ တော်တော်များများ အကြိုက်တွေ့ကြမယ့် အစားအသောက်မျိုးစုံကို စုစည်းစားသောက်နိုင်တာမို့ ဇူလိုင်လကတော့ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ပါ။

STREAT 2018

STREAT 2018 က  ဇူလိုင်လ ၁၃ ကနေ ၁၄ ရက်ထိ ၂ ရက်တိုင်တိုင် စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Victoria Theatre ဝင်းအတွင်းမှမြက်ခင်းပြင်မှာ စည်စည်ကားကားကျင်းပနေတာပါ။ STREAT ဆိုတာကတော့ Street Food Festival ဆိုတာကို ရည်ညွှန်းချင်တာဖြစ်ပြီး စင်ကာပူနိုင်ငံရဲ့ ထိပ်တန်းစားဖိုမှုးတွေ ကျော်ကြားတဲ့ စားသောက်ဆိုင်တွေ ပါဝင်ရောင်းချခဲ့ကြတာပဲဖြစ်ပါတယ်။

ဈေးဆိုင်တန်းကြီးတွေရယ် ထိုင်စရာခုံလေးတွေ တီးဝိုင်းကြီးတွေနဲ့ တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ Street Food ကိုစားနေရတဲ့ အရသာကို အပြည့်အ၀ပေးနေလို့ ပျော်ရွှင်စရာကောင်းလှပါတယ်။ စင်ကာပူရဲ့ နာမည်ကြီးလှတဲ့ Local ရိုးရာအစားအသောက်တွေအပြင် ခေတ်သစ်နည်းနဲ့ ပေါင်းစပ်ထားပြီး ထူးခြားဆန်းပြား အရသာရှိတဲ့ အစားအသောက်တွေကို မြည်းစမ်းခွင့်ရနိုင်တာဖြစ်ပါတယ်။

ထူးထူးခြားခြားအနေနဲ့ Asia’s Best Bar 2018 (၂၀၁၈ အာရှရဲ့အကောင်းဆုံး ဘားဆု)ကို ရရှိထားတဲ့ Manhattan ကိုယ်တိုင် သူ့ရဲ့ Cocktails နှင့် အဖျော်ယမကာများကိုပါ ရောင်းချခဲ့တာဖြစ်ပါတယ်။ ပိုပြီး ပြည်စုံသွားတာက STREAT မှာ Singapore Food Festival Edition ဖြစ်တဲ့ ချစ်စဖွယ်အိမ်ပြန်လက်ဆောင်လေးတွေကိုလည်း ၀ယ်ယူရရှိနိုင်ပါသေးတယ်။

 

Sentosa GrillFest

Sentosa GrillFest ဆိုတဲ့ပွဲလေးကတော့ ဇူလိုင် ၁၃ရက်ကနေ ၂၉ရက်အထိ Sentosa မှာ ကျင်းပခဲ့ပါတယ်။ အကောင်းဆုံး BBQ တွေကို ဈေးသက်သက်သာသာနဲ့ရနိုင်တဲ့အပြင် Local အစားအသောက်များ၊ စင်ကာပူရဲ့နာမည်ကြီး အစားအသောက်တွေသာမက အဖျော်ယမကာတွေကလည်း အဆင်သင့်ရှိနေပါသေးတယ်။ စင်ကာပူမှ နာမည်ကြီးအဆိုတော်တွေ ပါဝင်ဖျော်ဖြေမှု၊ Live Music ဖြင့် တင်ဆက်မှု၊ Street Performance များဖြင့် စည်ကားသိုက်မြိုက်နေလို့ ပျော်ရွှင်စရာကောင်းလွန်းလှပါတယ်။

The Green Market

Changi လေဆိပ်မှ The Green Market  ဂျပန်နှင့်ကိုရီးယားအစားအသောက်ဆိုင်ကလည်း ဒီပွဲတော်မှာအထူးပရိုမိုးရှင်းတွေနဲ့ဝင်ရောက်ရောင်းချနေသေးတယ်။ စင်ကာပူရိုးရာတွေကို မီငြမ်းတီထွင်ထားတဲ့ စုံလင်တဲ့ဆူရှီ၊ ထမင်းလိပ်စသဖြင့် ဖွယ်ဖွယ်ရာရာ တည်ခင်းနေတာပါ။

အရှေ့တိုင်း အနောက်တိုင်းပေါင်းစုံရာဖြစ်တဲ့ စင်ကာပူမှာကျင်းပတဲ့ ပွဲတော်လေးဟာဆိုရင်ဖြင့် နိုင်ငံတကာက ခရီးသွားတွေ လူမျိုးတွေအကြိုက်ဖြစ်တဲ့ အရသာအသစ်တွေ၊ အာရှမှာ အကောင်းဆုံး ဆုတံဆိပ်တွေရထားတဲ့ စာဖိုးမှူးတွေရဲ့ အကောင်းဆုံးလက်ရာတွေ၊ အစားအသောက်နဲ့ပတ်သတ်ပြီး ဆန်းသစ်တီထွင်မှု၊ Food Art များကို လေ့လာနိုင်ခြင်း စသဖြင့် လာရောက်လည်ပတ်သူများကို မရိုးအီရအောင် စီစဉ်ထားတာမို့ လက်မလွတ်စေဘဲ နောက်နှစ်မှာကျင်းပမယ့်ပွဲကို သွားရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အကြံပေးလိုက်ရပါတယ်။