အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ အပြောင်းအလဲလေးဖြစ်သွားအောင် ဟင်းချိုချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ငါးခေါင်းကို အသုံးပြုပြီး ချက်ရမှာဖြစ်တာကြောင့် အသားထက် အရိုးကိုက်ရတာကို ကြိုက်သူများအတွက် သင့်တော်မယ်လို့ထင်ပါတယ်နော်။ အရသာကလည်း ချဉ်ချဉ်စပ်စပ်လေးဖြစ်လို့ ထမင်းစားတိုင်း ခံတွင်းအလွန်မြိန်မှာ အသေချာပါပဲ။

ပါဝင်ပစ္စည်းများ

  • သန့်စင်ပြီး နှစ်သက်ရာ ငါးခေါင်း – ၂ ခေါင်း
  • ခရမ်းချဉ်သီးမှည့် – ၂ လုံး
  • မျှစ်ချိုနုနု – အနည်းငယ် (ရေစိမ်ထားပါ)
  • နှစ်သက်ရာ မှို – အနည်းငယ်
  • ငုံးဥ – ပြုတ်ထားပါ
  • နံနံပင်
  • ငရုတ်စိမ်းတောင့်
  • ပင်စိမ်း
  • သံပုရာသီး
  • ဂျင်း – လက်တဆစ်
  • ကြက်သွန်ဖြူ
  • ငြုပ်ပွ – ၁ တောင့်
  • စပါးလင် – ၁ ပိုင်း (ထုချေထားပါ)
  • ဆား
  • နနွင်း
  • ငံပြာရည်

ပြုလုပ်နည်း

  1. ဂျင်း လက်တဆစ် ၊ ကြက်သွန်ဖြူ၊ ငြုပ်ပွတစ်တောင့် တို့ကို ရောထောင်းထားပါ။ စပါးလင် တစ်ပိုင်းကိုလည်း ထုချေထားပါ။
  2. ငါးခေါင်းကို ဆား ၊ နနွင်း၊ ငံပြာရည် ထည့်နယ်ထားပါ။ ငုံးဥပြုတ်ထားပါ။ မျှစ်ကိုရေစိမ်ထားပါ။
  3. ချက်မယ့်အိုးထဲ ငါးခေါင်းထည့်၊ ဆီ ဇွန်းသေး ၁ ဇွန်းထည့်၊ ကြက်သွန်ထောင်းထည့်၊ စပါးလင်ထည့် ၊ ခရမ်းချဉ်သီးထည့်၊ ဆုံဆေးရေအနည်းငယ်ထည့် တည်ထားပါ ။
  4. ဆူပွက်လာရင် အရသာမြည်းပါ မိမိစိတ်ကြိုက် ပြင်ဆင်ပါ။ ရေကို ငါးခေါင်းမြုပ်အောင်ထည့် ပြန်တည်ထားပါ။
  5. ငါးခေါင်းနူးလာရင် မှို၊ မျှစ်၊ ငုံးဥထည့်၊ နံနံ၊ ငြုပ်စိမ်း၊ ပင်စိမ်းအုပ်ပါ။ ချခါနီးမှ သံပရာရည်ညှစ် ပူပူလေး သုံးဆောင်ပါနော်။

Credit: Mi Shwe Kwet