အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အစားအသောက်ခုံမင်နှစ်သက်သူတွေအတွက် ပုစွန်လိပ်ကြော် စပ်စပ်ကလေးပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ ကောင်
  • ဂျုံပြား ၆ ပြား
  • ရေအနည်းငယ်ရောထားသည့် ဂျုံနှစ် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆီအနည်းငယ်

ပုစွန်ကိုနယ်ထားရန်အတွက်

  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

  • ကြက်သွန်ဖြူ ၃ မြွှာ
  • သံပုရာသီး တစ်ခြမ်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဇောက်နက်သည့် ပန်းကန်ပြားအကြီးတစ်လုံးထဲတွင် ငရုတ်နှစ်၊ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ နှမ်းဆီတို့ထည့်ပြီး ရောမွှေထားပါ။ ကြက်သွန်ဖြူကို အခွံခွာပြီး ထိုပန်းကန်လုံးထဲသို့ တစ်ခါတည်းခြစ်ချလိုက်ပါ။

ထို့နောက် သံပုရာသီးတစ်ခြမ်းညှစ်ထည့်လိုက်ပြီး ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ သကြားကိုတော့ နောက်ဆုံးကျမှ ထည့်မွှေပေးရပါမယ်။ အနယ်အနှစ်များ သမသွားပါက ရေစင်စင်ဆေးထားသော ပုစွန်များထည့်နယ်ပေးလိုက်ပါ။ ပုစွန်အသားထဲ အနှစ်များစိမ့်ဝင်သွားဖို့အတွက် ရေခဲသေတ္တာထဲတွင် ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ထည့်ထားပေးပါ။

အချိန်ပြည့်သွားပါက ဂျုံပြား ၆ ပြားကို ထက်ခြမ်းခြမ်းပြီး ပုစွန်များကို အခုလိုပဲ အဆင့်ဆင့် လိပ်ပေးလိုက်ရပါမယ်။

သေချာလိပ်ပြီးသွားပါက ရေရောထားသော ဂျုံအနှစ်ထဲသို့ပုစွန်လိပ်များကို တစ်ခုချင်းထည့်နှစ်ပေးလိုက်ပါ။ ထို့နောက် ပုစွန်လိပ်များကို ဆီပူထဲတွင် ၃ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။ ကြော်ပြီးသွားသော ပုစွန်လိပ်များကို ဆီစုပ်စက္ကူပေါ်တင်ကာ ပိုလျှံနေသောဆီများကို ဖယ်ရှားပေးလိုက်ပါ။

အအေးခံပြီးတဲ့နောက်မှာတော့ ပုစွန်လိပ်ကြော်စပ်စပ်ကလေးကို ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Picturetherecipe.com