အန်တီ တစ်ယောက် သုပ်ကျွေးတာလေးကို ကိုယ်ပိုင် အရသာလေးဖြင့် ပြန်လည် အသစ်ဆန်းထားပါတယ်။ ကျန်းမာရေးတွက် အင်မတန် ကောင်းမွန်သောကြောင့် တောင်ကိုရီးယားနိုင်ငံသို့ ဂျူးမြစ် အများဆုံး တင်ပို့သော ဈေးကွက်ဖြစ်လာပါတယ်။ ဂျူးမြစ်ချဉ်စပ်အသုပ်ကို အမြဲ မငြင်းတတ်သော ချစ်သူငယ်ချင်းမမများ အိမ်လာလည်ရင် သုပ်ခိုင်းသော အသုပ်ဖြစ်ပြီး စားမလောက်ဖြစ်ရသော အသုပ်လေးဖြစ် တာကြောင့် အားလုံးအတွက် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျူးမြစ် – ၁ စည်းခွဲ (ရေနွေးဖျောထားပါ၊ အနေတော်လေးတွေ ညှပ်ထားပါ)
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီကြော် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သံပရာရည် – လက်ဖက်ရည်ဇွန်း ၃ ဇွန်းခွဲ
  • ကြက်သွန်ဖြူကြော် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလေး လှီးထားပါ)
  • ခရမ်းချဉ်သီး – ၂ လုံး (အစေ့ထုတ်ပြီး မျှင်မျှင်လေးတွေ လှီးထားပါ)
  • အသားမှုန့် – အနည်းငယ် (မထည့်လည်းရပါတယ်)
  • ဆီကျက်ဆီ – စားပွဲဇွန်း ၁ ဇွန်း
  • မြေပဲ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း (မညက်တစ်ညက်ထောင်းထားပါ)
  • ပုစွန်ခြောက်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • ဘဲဥ – ၂ လုံး (ပြုတ်ထားပါ)

ပြုလုပ်နည်း

  1. ဇလုံအကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး အရသာသေချာဝင်အောင် လက်ဖြင့်နယ်ပေးပါ။ ဆားမြည်းပါ။
  2. အပေါ့၊ အငန်၊ အချဉ်၊ အစပ် လိုတာထပ်ဖြည့်ပါ။ သုပ်ပြီး ချက်ချင်းစားသုံးပါ။