ကြက်တောင်ပံဆိုရင် တော်တော်များများက မုန့်နှစ်နဲ့ပဲကြော်စားကြတာများပါတယ်။ ကြက်တောင်ပံကို ချိုချိုစိမ့်စိမ့်လေးဖြစ်ချင်ရင်တော့ ပျားရည်နဲ့ကြော်စားလို့ရပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ကြက်တောင်ပံကို သရက်သီးနဲ့ရောပြီး အရသာရှိအောင် စပ်စပ်လေးလုပ်စားနိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးထဲကို ဂျုံမှုန့် – ခွက်တစ်ဝက်စာ၊ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကိုထည့်ပြီး မွှေပေးပါ။ မွှေပြီးသွားတဲ့အခါမှာတော့ ကြက်တောင်ပံတွေကို ထည့်နယ်ပြီး ဗန်းတစ်ခုပေါ်တန်းစီတင်ပေးပါ။ ပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ ၄၂၅ ဒီဂရီဖာရင်ဟိုက်နဲ့ ၄၅ မိနစ်ထည့်ထားပေးပါ။

သရက်သီးတစ်လုံးကို အခွံတွေခွာပြီး အတုံးသေးသေးလေးတွေတုံးကာ Blander ထဲကို ထည့်ပါ။ ငရုပ်သီးအပွတောင့် – ၃ တောင့်ကို လှီးပြီး ထည့်ပေးပါ။ ကြက်သွန်ဖြူ – ၂ တက်၊ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ Cider Vinegar – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာနဲ့ သံပုရာရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး ပျားရည် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ပါ။ ခုနက Blander ထဲထည့်မွှေထားတာတွေကိုလည်း ထည့်ပြီးတည်ပေးပါ။ ပွက်ပွက်ဆူပြီး ပျစ်လာပြီဆိုရင်တော့ ပန်းကန်ထဲခူးထုတ်လိုက်ပါ။ ပြီးရင်တော့ ပထမဆုံးလုပ်ထားတဲ့ ကြက်တောင်ပံတွေကို အဲ့ဒီပန်းကန်ထဲထည့်ပြီး နယ်ပေးပါ။ နယ်ပြီးသွားတဲ့ကြက်တောင်ပံတွေကို ခုနကလိုပဲ ဗန်းထဲတန်းစီထည့်ပြီး မုန့်ဖုတ်စက်ထဲမှာ ၄၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ ၁၀ မိနစ်လောက် ထည့်ထားပေးပါ။

မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ သရက်သီးနဲ့လုပ်ထားတဲ့ ကြက်တောင်ပံကို အရသာရှိရှိစားသုံးနိုင်ပါပြီ။ သရက်သီးနဲ့လုပ်ထားတော့ သရက်သီးအရသာလေးရနေမယ့်အပြင် စပ်စပ်လေးလုပ်ထားတာမို့ အစပ်အရသာလေးကလည်း ရနေအုံးမှာပါ။ ပြောရင်းနဲ့တောင် စားချင်စရာကောင်းနေတဲ့ ဒီကြက်တောင်ပံလေးကို အချိန်ရရင်လုပ်စားကြည့်ပါလို့ အကြံပြုပါတယ်။

Photo Source: www.tasty.com