အားလုံးပဲမင်္ဂလာပါနော်။ ရှမ်းပြည်က လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တဲ့ ကြက်သား/ ဝက်သား သာကူလုံးကို အားလုံးသိကြမယ်လို့ ယုံကြည်ပါတယ်။ ကြိုက်တဲ့သူလည်းရှိကြမယ်လို့ ထင်ပါတယ်နော်။

သာကူးလုံးကို အိမ်မှာ မိမိကိုယ်တိုင် လုပ်စားချင်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • သာကူစေ့ (၂၀၀) ဂရမ်
  • ရေနွေးပူပူ ခွက်တစ်ဝက်
  • ဆားအနည်းငယ်
  • ကော်မှုန့်အနည်းငယ်

သာကူလုံးရန်ပါဝင်ပစ္စည်း

  • ကြက်သား (သို့) ဝက်သား တောက်တောက်စဉ်းလိုက်ပါ (၁၅၀) ဂရမ်ခန့်
  • ကြက်သွန်ဖြူ ၃မွှာ
  • သကြားအနည်းငယ်
  • ပဲငံပြာရည်အကျဲ စားပွဲတင်ဇွန်း ၁ ဇွန်း

  • မဆလာအနည်းငယ်
  • ဆားအနည်းငယ်
  • ဆီအနည်းငယ်

တွဲဖက်စားသောက်ရန်

  • ဆလတ်ရွက်
  • နံနံပင်
  • ကြက်သွန်ဖြူဆီချက်

ပြုလုပ်နည်း

သာကူလုံးကို ရေခဏစိမ်ပြီး ရေဆစ်လိုက်ပါ။ ပြီးရင်တော့ ရေနွေးပူပူထဲကို ဆားထည့်လိုက်ပြီး သာကူစေ့တွေကို လောင်းထည့်လိုက်ကာခဏစိမ်လိုက်ပါ။ ပြီးရင် ရေဆစ်လိုက်ပါ။

အဲဒီနောက် ဆီနည်းနည်းလောင်းထည့်လိုက်ပြီး နှံ့သွားအောင် နှယ်ပေးလိုက်ပါ။ ပြီးရင်တော့ ရေစိုအဝတ်အပါးနဲ့ နာရီဝက်လောက်အုပ်ထားလိုက်ပါ။

ကြက်သား/ဝက်သားတောက်တောက်စဉ်းထဲကို သကြား၊ ပဲငံပြာရည်၊ မဆလာ၊ ဆားတို့ကိုထည့်ပြီးနယ်ပေးလိုက်ပါ။

အဲဒီနောက် ဆီထည့်လိုက်ပြီး ကြက်သွန်ဖြူကိုဆီသတ်ပါ။ ပြီးရင် အသားထည့်လိုက်ပြီး ခြောက်တဲ့အထိ မွှေကာ ကြော်ပေးလိုက်ပါ။

ကြက်သား/ဝက်သား သာကူလုံးပြုလုပ်နည်း

အသားကြော်အေးသွားပြီဆိုရင်တော့ အလုံးသေးသေးလေးတွေ လုံးထားပါ။

ငှက်ပျောရွက်ကို သန့်အောင်ဆေးလိုက်ပြီး ဆီလိမ်းထားလိုက်ပါ။ လုံးလို့ရတဲ့အနေအထားရပြီလားဆိုတာကို သာကူစေ့တွေကို လက်နဲ့ အသာလေးဖိကြည့်ပါ။ အဲဒီနောက် ရေခြောက်သွားရင် ရေထပ်ထည့်ပါ။ လက်ထဲမှာ ကော်မှုန့်ကို အနည်းငယ် သုတ်လိမ်းပြီး သာကူကို တစ်လုံးစာယူပါ။ အပြားလေးဖြစ်အောင် အရင်ဆုံးလုပ်လိုက်ပြီး အသားထည့်လိုက်ကာ လုံးပေးလိုက်ပါ။ ပြီးရင်တော့ ငှက်ပျောဖက်ရွက်ပေါ်တင်ပေးလိုက်ပြီး တစ်လုံးနဲ့တစ်လုံးမကပ်အောင်ဂရုစိုက်ပါ။ ပြီးရင်တော့ ပေါင်းအိုးနဲ့ ၁၀/၁၅ မိနစ်လောက် ပေါင်းပေးလိုက်ပါ။

သာကူက အရောင်အကြည်လေးဖြစ်လာရင်ရပါပြီ။ ပြီးရင် ဆီချက်ထည့်လိုက်ပြီး ဆလတ်ရွက်၊ နံနံပင်၊ ငရုတ်သီးတို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

ပြုလုပ်နည်းကို – KaeKae’s FoodPalace မှ ကောက်နုတ်ထားပါတယ်။

By: MyFood Myanmar