အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ငါးသံပုရာပေါင်း ကြိုက်တဲ့သူတွေအတွက် ငါးသံပုရာပေါင်း ချဉ်ချဉ် စပ်စပ် မွှေးမွှေးလေး ပေါင်းနည်းကို မျှဝေပေးချင်ပါတယ်။

ပေါင်းရလွယ်ပြီး စားလို့ကောင်းတဲ့ ငါးပေါင်းလေးမို့ စာဖတ်သူတို့အကြိုက်တွေ့ကြမှာပါ။

ပါဝင်ပစ္စည်း

  • သန့်စင်ပြီးငါး ၁ ကောင် (ကကတစ်ငါး သုံးနိုင်ပါတယ်။)
  • ဆား အနည်းငယ်
  • အရသာမှုန့်အနည်းငယ်
  • နနွင်းမှုန့်နည်းငယ်
  • ငံပြာရည် သင့်သလောက်

  • ငါးထဲထည့်ရန်
  • ကြက်သွန်မြိတ်/ နံနံပင် အနည်းငယ်
  • ကြက်သွန်ဖြူအနည်းငယ်
  • ချင်းအနည်းငယ်
  • ငရုတ်သီးစိမ်း အနည်းငယ်

  • သံပုရာသီး ၁ လုံး
  • ဖက်ဖယ် ၁ စည်း
  • ပင်စိမ်းရွက်အနည်းငယ်
  • ရှမ်းနံနံ အနည်းငယ်
  • စပါးလင် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ငါးကို ကြေးခွံခွာလိုက်ပြီး ဆားနဲ့ ရေ ဆေးချလိုက်ပါ။ အမြီးအစွန်နဲ့ အတောင်ပံတွေကို လှီးထုတ်လိုက်ပါ။

ဗိုက်ခွဲလိုက်ပြီး ကလီစာတွေအကုန်ထုတ်လိုက်ပါ။ ပြီးရင်တော့ ဓားနဲ့ နည်းနည်းမွန်းလိုက်ပါ။ စပါးလင် ၁ ချောင်း ကို ၃ ပိုင်းလှီးလိုက်ပါ။ ပါးဟပ်ထဲတစ်ပိုင်း၊ ဗိုက်သားထဲ ၁ ပိုင်းထည့်ပါ။

ဆား၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ငံပြာရည်တို့နဲ့ နယ်ထားလိုက်ပြီး ၁၅ မိနစ်ခန့် ထားထားပါ။

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် ၊ ပင်စိမ်းရွက်၊ ရှမ်းနံနံ တို့ကို ကျိတ်လိုက်ပြီး ဆား၊ ငံပြာရည် နည်းနည်းနဲ့ နယ်လိုက်ပါ။ ပြီးရင်တော့ ငါးဗိုက်ထဲကို ထည့်လိုက်ပါ။ အစာမထွက်အောင် ချင့်ချိန်ထည့်ပါ။ ကျန်တာကို ရေလေးနည်းနည်းနဲ့ ဖျော်ပြီးထားထားပါ။

ဒယ်အိုးထဲကို တူ (သို့) သစ်သား ယောင်းမနှစ်ခုနဲ့ ပန်းကန်တင်လို့ရအောင်လုပ်ပါ။ ပြီးရင် ရေထည့်လိုက်ပါ။ ငါးထည့်ထားတဲ့ ပန်းကန်ကိုအပေါ်ကနေ ထည့်ပေးလိုက်ပြီး အဖုံးပိတ်လိုက်ကာ ပေါင်းပေးပါ။

၁၅ မိနစ်ခန့်ပေါင်းပြီး ငါးကနေ အရည်တွေထွက်လာရင် စောစောက အရည်ဖျော်ထားတာကို အပေါ်ကနေ လောင်းထည့်ပေးလိုက်ပြီး ခဏ ဆက်ပေါင်းထားပါ။ ပြီးရင်တော့ သံပုရာသီး ညှစ်ထည့်လိုက်ပြီး ကျန်တဲ့ သံပုရာသီးကို ပါးပါးလှီးကာ အပေါ်ကနေ တင်ပေးလိုက်ပါ။ ခဏလေး အုပ်ထားပေးရင် စားလို့ရပါပြီနော်။

By: MyFood Myanmar