ပုစွန်ကို ဒီတိုင်းချက်စားရတာရိုးလာရင် အပြောင်းအလဲလေး လုပ်ကြည့်လို့ရအောင် ပုစွန်ချိုချဉ်ကြော်ကို အရသာရှိရှိလေး ကြော်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

စချက်ဖို့အတွက် ဒယ်အိုးထဲကို ဟင်းသီးဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။

သန့်စင်ထားတဲ့ ပုစွန်အကောင်အကြီး ၁၅ ကောင်လောက်ကို ထည့်ကြော်ပါမယ်။

လှီးထားတဲ့ ကြက်သွန်နီ အနည်းငယ်နဲ့ လှီးထားတဲ့ ငရုပ်ပွ အနည်းငယ်ကို ထည့်ကြော်ပါမယ်။

ခဏနေရင် သခွားသီးအလုံးသေး တစ်လုံးကို အကွင်းလေးတွေလှီးပြီး ထည့်ကြော်ပါမယ်။

ခရမ်းချဉ်သီးက ချယ်ရီခရမ်းချဉ်သီး အသေးလေးတွေရှိရင် ၁၀ လုံးလောက်သုံးပါမယ်။ မရှိရင်တော့ ရိုးရိုးခရမ်းချဉ်သီးကိုပဲ လှီးပြီးထည့်ပါမယ်။

ရေနည်းနည်းလေးထည့်ပြီး ၂ မိနစ်လောက် မွှေနေပေးပါ။

လှီးထားတဲ့ နာနတ်သီး – ပန်းကန်လုံးအသေး တစ်လုံးစာကို ထည့်ကြော်ပါမယ်။

ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ခရမ်းချဉ်သီးဆော့စ် – စားပွဲတင်ဇွန်း ၃ ဇွန်း၊ သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပြီး သမအောင်မွှေကြော်နေပေးပါ။

အားလုံးနူးပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ပုစွန်ချိုချဉ်ကြော်ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: www.dailydish