အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခေါက်ဝေမျှပေးမယ့် ဟင်းလျာလေးကတော့ ထိုင်းစတိုင်လ် ပင်လယ်စာခေါက်ဆွဲကြော်ပြုလုပ်နည်းပဲဖြစ်ပါတယ်။ ပင်လယ်စာဆိုပေမယ့် ပုစွန်နဲ့ ကင်းမွန်ကိုပဲ အဓိကထား အသုံးပြုသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲပြား တစ်ထုပ်

  • ပုစွန် ၁၅ ကောင်ခန့်
  • ကင်းမွန် ၁၂ ကောင်ခန့်
  • ငရုတ်သီး ၄ တောင့်
  • ငရုတ်ပွ အနီ တစ်ခြမ်း
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ အသေးတစ်လုံး
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • လှီးဖြတ်ထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် ပန်းကန်လုံးအသေး တစ်လုံးစား
  • ကြက်ဥ ၃ လုံး (မွှေခလောက်ထားပါ)
  • သံပုရာသီး တစ်ခြမ်း

ပြုလုပ်နည်းအဆင့်ဆင့်

ပုစွန်ကိုအခွံချွတ်ပြီး ဆေးကြောသန့်စင်ထားပါ။ ကင်းမွန်ကိုလည်း ရေစင်စင်ဖြင့် ဆေးကြောသန့်စင်ပြီးတဲ့နောက်မှာ တစ်ကောင်ချင်စီကို သုံးပိုင်းပိုင်းပါ။ ပန်းကန်လုံးအကြီးထဲသို့ ရှာလကာရည်ထည့်ပြီး ငရုတ်သီးတောင့်များ လှီးထည့်လိုက်ပါ။

ထို့နောက် ဒယ်အိုးကိုအပူပေးပြီး ဆီထည့်ကာ ပုဇွန်များကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ ကြော်ပြီးသော ပုစွန်များကို သပ်သပ်ဖယ်ထားပါ။

ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပြီး ကင်းမွန်များကို ၂ မိနစ် ၃ မိနစ်ခန့် ကြော်ပါ။ ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပြီး ထပ်မွှေပါ။ ထို့နောက် သပ်သပ်ဖယ်ထားပါ။

နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးနဲ့ ဒေါင်လိုက်လှီးဖြတ်ထားသော ငရုတ်ပွများကို မိနစ် ၃၀ ခန့် ဒယ်အိုးထဲထည့်မွှေလိုက်ပါ။

တစ်ဆက်တည်းမှာပဲ ခေါက်ဆွဲထည့်ပြီး ကြက်ပြုတ်ရည်တစ်ဝက်ထည့်ကာ ခေါက်ဆွဲများနူးညံ့သွားသည်အထိ ကြော်ပေးပါ။ ခေါက်ဆွဲများ နူးညံ့သွားပါက ကျန်ရှိနေတဲ့ကြက်ပြုတ်ရည်တစ်ဝက်ထပ်ထည့်ပြီး မွှေပေးလိုက်ပါ။ ပဲငံပြာရည်အကြည်၊ သကြား၊ ငါးငံပြာရည်တို့ထပ်ထည့်ပြီး ထပ်မွှေပေးပါ။

ထို့နောက်မွှေခလောက်ထားသော ကြက်ဥများကို ဒယ်အိုးထဲလောင်းထည့်ပြီး ကြက်ဥများညီညီညာညာပြန့်နှံ့သွားအောင် ဆက်ကြော်ပေးပါ။ ကြော်ထားသော ပုစွန်နှင့် ကင်းမွန်များကို ထပ်ထည့်ပြီး ထပ်ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထိုင်းစတိုင် ပင်လယ်စာခေါက်ဆွဲကြော် (သို့) ပုစွန် ကင်းမွန် ခေါက်ဆွဲကြော်လေးရရှိသွားပါပြီ။ ခေါက်ဆွဲကြော်ပူပူနွေးနွေးလေးကို ပထမအဆင့်တုန်းက ပြင်ဆင်ထားတဲ့ ငရုတ်သီး ရှာလကာအချဉ်ရည်နဲ့ အတူတကွသုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com