မီးဖိုချောင်ထဲမှာ အမြဲ တွေ့နေရတဲ့ ပြဿနာ တစ်ခုကတော့ ငရုတ်သီးတွေ ကိုင်ပြီးတဲ့အခါ လက်မှာပူနေတဲ့ဒဏ်ကို ခံစားရတာပါပဲ။ ငရုတ်သီးဟာ စားလို့ ကောင်းပေမယ့် လက်ကို ပူနေတာက နေရထိုင်ရ ခက်စေပါတယ်။ အသုပ်တွေ သုပ်ပြီးတဲ့အခါ၊ ငရုတ်သီးထောင်းတဲ့အခါမျိုးတွေမှာ ဘယ်လိုမှ ရှောင်လို့ မရတဲ့ ဝေဒနာဟာ ငရုတ်သီးပူတာပါပဲ။ ပူနေတဲ့ လက်နဲ့ မျက်နှာတွေ မျက်လုံးတွေကို ပွတ်မိရင် အားလုံး ထပ်ပူကုန်ပါတော့တယ်။

ဒီလို ဝေဒနာကနေ အမြန်ဆုံး သက်သာစေဖို့ အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ရပါတယ်။ သင်တို့ရဲ့ နည်းလေးတွေ ရှိရင်လည်း ကော့မန့်မှာ မျှဝေခဲ့ပါဦးနော်။

ဆီ

ဆီဟာ ငရုတ်သီးအပူကို ကောင်းကောင်းဖြေရှင်းပေးနိုင်တဲ့ အရာပါ။ မီးဖိုချောင်ထဲမှာ အလွယ်တကူ ရှိတဲ့ ပစ္စည်းမို့ ပိုပြီး လွယ်ကူလှပါတယ်။ ဆီကို လက်တွေပေါ်မှာ ခပ်ပါးပါး လိမ်းပြီး ခဏထားလိုက်ပါ။ အပူတွေကို စုပ်သွားပြီး သက်သာသွားပါလိမ့်မယ်။

ပန်းကန်ဆေးဆပ်ပြာ

လက်ဆေးဆပ်ပြာတွေထက် ပန်းကန်ဆေး ဆပ်ပြာတွေဟာ အပူကို ပိုပြီး ဖယ်ရှားနိုင်ပါတယ်။ ငရုတ်သီး ကိုင်ပြီးလို့ ပူနေရင် ပန်းကန်ဆေး ဆပ်ပြာနဲ့ ရေဆေးလိုက်ပါ။

အယ်ကိုဟော

အယ်ကိုဟောဓာတ်ဟာ ရေနဲ့ ဆေးတာထက်ပိုပြီး ငရုတ်သီး အပူကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အယ်ကိုဟောဓာတ် အမြင့်ဆုံးပါတဲ့ ဗော့ကာတို့ အရက်ဆီတို့ဆိုရင် ပိုပြီး ထိရောက်ပါတယ်။

နွားနို့ (သို့) ဒိန်ချဉ်

နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်ကို ရေအနည်းငယ်နဲ့ ရောပြီး ပူနေတဲ့ လက်ကို စိမ်ထားပေးလို့ ရပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ ဖျော်ပြီး ပူနေတဲ့ လက်တွေကို ခပ်ထူထူ လိမ်းထားပေးပါ။ ခဏနေမှ ရေနဲ့ ပြန်ဆေးချလိုက်တဲ့အခါ ပူတာတွေ သက်သာသွားပါလိမ့်မယ်။

ဆန်

ပူနေတဲ့ လက်ကို ဆန်အိုးထဲ နှိုက်ပြီး ဆန်နဲ့ ပွတ်တိုက်ပေးပါ။ ဖွဲနုမှုန့်တွေ ကပ်လာတဲ့ အထိ ပွတ်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

Source: thekitchen
PhotoCredit: hellawella.com