ဒီတစ်ခါ လွယ်ကူလျင်မြန်ပြီး အရသာရှိစေမယ့် ဟင်းချက်နည်းတစ်မျိုးကို ဖော်ပြချင်ပါတယ်။ တိုဖူးဖြူ ခေါ်  ပဲပြားကို ဝက်သားအနှစ်ဆမ်းထားတဲ့ ဟင်းတစ်ခွက်ပါ။

ပါဝင်ပစ္စည်းများ

ပဲပြား (သို့) တိုဖူးဖြူ

ဝက်သား တောက်တောက်စင်း

ဆား

အရသာမှုန့်

ပဲငံပြာရည်အကြည်

ကြက်သွန်ဖြူ

ကြက်သွန်နီ

ငရုပ်သီး

ကြက်သွန်မြိတ်

တရုတ်ပဲငပိ

ဆီ

ပြင်ဆင်ပြုလုပ်နည်း

ပဲပြားခေါ် တိုဖူးဖြူ အရွယ်တော် အတုံးကို ခပ်ပါးပါးလှီးထားပါ။ ၎င်းတိုဖူးအချပ်များကို ပန်းကန်ပြားပေါ် စီထည့်ပါ။ ဝက်သားကို တောက်တောက်စင်းပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်အကြည်တို့နဲ့ နယ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီး၊ ကြက်သွန်မြိတ်တို့ကို ပြင်ဆင်ထားပါ။ အဆာပလာများ အဆင်သင့်ဖြစ်ပြီးဆိုလျှင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ဆီသတ်ပါ။

ကြက်သွန်နွမ်းရင် ဝက်သားကို ထည့်ပါ။ တရုတ်ပဲငပိခေါ် တိုကျန်ကို တစ်ဇွန်းခန့်ထည့်ပါ။ ပဲငပိထည့်ပြီး ရေအနည်းငယ်ထည့်ကာ ဝက်သားကျက်အောင်ချက်ပါ။ အသားကျက်ရင် ဆား၊ အရသာမှုန့် လိုအပ်သလိုထည့်ပါ။

ထို့နောက် ငရုပ်သီး၊ ကြက်သွန်မြိတ်များထည့်ပြီး ချနိုင်ပါပြီ။ ပါးပါးလှီးထားတဲ့ ပဲပြား (တိုဖူး)များကို ရေနွေးငွေ့ဖြင့် ၁၀မိနစ်ခန့် ပေါင်းပေးပါ။

ထို့နောက် ဝက်သားအနှစ်ကို တိုဖူးပန်းကန်ပေါ် ဆမ်းပြီး ပူပူနွေးနွေး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

တိုဖူးမှာ ပရိုတိန်းဓာတ် များစွာပါဝင်ပြီး သံဓာတ် ၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်တို့ ကြွယ်ဝလှပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်လို့ ဆိုကြပါပြီး ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။ တိုဖူးကြိုက်သူများအတွက် အမျိုးမျိုး ချက်ပြုတ်စားနိုင်ဖို့ ဟင်းတစ်မည်အဖြစ် တိုးဖို့ တိုဖူးပေါင်းဝက်သားအနှစ်ဆမ်း ဟင်းလျာလေးကို ဖော်ပြလိုက်ပါတယ်နော်။

မိမိတို့အိမ်မှာ ဧည့်သည်လာမယ်ဆိုရင်လည်း ပဲပြားဟင်း တစ်ခွက်ကို လှလှပပ တည်ခင်းဧည့်ခံနိုင်တဲ့အတွက် အဆင်ပြေပြီးလုပ်ရတာလည်း လွယ်ကူမယ်လို့ မျှော်လင့်ပါတယ်။

Credit: မချော