ပဲပြားဟာ သတ်သတ်လွတ်စားသူတွေ အတွက်ကတော့ စူပါဟီးရိုးပါပဲ။ သတ်သတ်လွတ်စားသူတွေဟာ အသားဓာတ်တွေကို ပဲပြားကနေ ရနိုင်ပြီး ကိုယ်ခန္ဓ္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်တွေ မချို့တဲ့သွားအောင် ပဲပြားက ကာကွယ်ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကစပြီး အမေရိကန်တွေမှာ Diet လုပ်နေသူတွေအတွက် စိတ်ဝင်စားစရာ အစားအစာ တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါ ပဲပြားပါ (သူတို့ဆီမှာတော့ တိုဖူးလို့ခေါ်တယ်) ဆေးပညာရှင်တွေက သူ့မှာ ကယ်ဆီယမ်၊ ပရိုတိန်းတွေ ဘယ်လောက် ပါဝင်လဲဆိုတာ တွက်ချက်ခဲ့ပြီး ကယ်လိုရီနည်းနည်းနဲ့ ကလက်စထရော မပါဝင်တာ တွေ့ရှိခဲ့ပါတယ်။

ပဲပြားဟာ ပဲနို့ကနေ အအေးခံ လုပ်ထားတဲ့ အစားအစာ တစ်မျိုးပါ။ အာရှမှာတော့ တော်တော်စားတဲ့ အစားအစာလို့ ပြောလို့ ရပါတယ်။ မြန်မာမှာတော့ ပဲပြားကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူစားသုံးလို့ ရပါတယ်။ ပဲပင်ပေါက်ရောင်းတဲ့ ဆိုင်တိုင်းမှာ ပဲပြားရှိပါတယ်။ အဓိကက ပဲပင်ပေါက်နဲ့ ရောကြော်စားတာပါ။

မျက်လုံးအားကောင်းမှုအတွက် အထောက်အကူ ဖြစ်စေတဲ့ အစားအစာပါ။ ပဲပြားကို ကြော်ပြီး အစာသွပ် စားခြင်းဟာ မြန်မာတို့ အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုးလို့ ပြောလို့ရပါတယ်။ ပဲပြားကို အစိမ်း ချက်စားကြသလို ကြော်ပြီးလည်း ချက်စားကြပါတယ်။ ဒါ့အပြင် ဟင်းချိုတွေနဲ့ တချို့ ဟင်းလျာတွေမှာလည်း တွဲဖက်ပါဝင် ပစ္စည်းအဖြစ် သုံးကြပါသေးတယ်။

ပဲပြားရဲ့ မူလဇာတိကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က တရုတ်ပြည် ဟန်မင်းဆက်က လာတယ်လို့ သိရပါတယ် (From Wiki). တရုတ်ပြည်ကနေ ထုတ်လုပ်ပုံကို ကိုရီးယားနဲ့ ဂျပန်ကို ပေးခဲ့ပြီး ၁၀ရာစု ၁၁ရာစုတွေမှာတော့ ဗီယက်နမ်ထိ ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ကနေတဆင့် အရှေ့တောင်အာရှတစ်ခွင်မှာ ပဲပြားဟာ ကျော်ကြားတဲ့ အစားအစာ တစ်ခုအဖြစ်နဲ့ ပျံ့နှံ့ခဲ့ပါတယ်။ အများအားဖြင့် သတ်သတ်လွတ်သမားတွေ ရှိတဲ့ နိုင်ငံတွေမှာ အများဆုံး တွေ့ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရိုတိန်းဓာတ် အဓိက ပါဝင်တဲ့ အတွက် သတ်သတ်လွတ်စားသူတွေ အတွက် အသုံးဝင်ခဲ့ပါတယ်။ ကိုရီးယားမှာဆိုရင် အညံ့တွေပျောက်အောင် ပဲပြားကို စားကြတယ်ဆိုတဲ့ အယူတောင် ရှိပါတယ်။

ပဲပြားမှာ အပေါ်က ပြောခဲ့တဲ့ အတိုင်း ကယ်လီုရီ အနည်းငယ်သာ ပါဝင်ပြီး ပရိုတိန်းဓာတ် ပမာဏတော်တော်များများ ပါဝင်ပါတယ်။ အိုင်းယွန်းဓာတ် ပါဝင်ပြီး ကယ်ဆီယမ်နဲ့ မက်ကနီဆီယမ်တွေ ပိုများများ ပါဝင်ပါသေးတယ်။ တရုတ်ရိုးရာ ဆေးပညာမှာ ဆိုရင် ပဲပြားဟာ ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အားနည်းနေတဲ့ အချိန်တွေနဲ့ သွေးအားနည်းနေတဲ့ အချိန်တွေမှာ စားပေးသင့်တယ်လို့ တရုတ်ဆေးပညာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သွေးထဲမှာ အဆီဓာတ်များနေတဲ့ သူတွေ၊ ကိုလက်စထရောမြင့်နေတဲ့ လူတွေ၊ ဆီးချိုသမားတွေ၊ နို့ထွက်နည်းတဲ့ မိခင်တွေ၊ ကလေးတွေ၊ အရွယ်ရောက်လူငယ်တွေနဲ့ ကိုယ်အလေးချိန် အလွန်များနေတဲ့ လူတွေ စားသုံးဖို့ သင့်တော်ပါတယ်။ တရုတ်တွေကတော့ ပဲပြားကို အရက်နဲ့ တွဲသောက်ခြင်းဟာ ကိုယ်ထဲက အဆိပ်တွေကို မြန်မြန်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အသည်းအဆီဖုံးခြင်းနဲ့ အသည်းရောဂါတွေကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ပဲပြားဟာ ကိုလက်စထရောကို လျော့ချစေလို့ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားဖို့နှုန်း နည်းသွားပါတယ်။

အစားအစာ အားလုံးမှာ တန်ဆေးလွန်ဘေး ရှိပါတယ်။ ပဲပြားကို အလွန်အကျွံစားသုံးခြင်းဟာ ကျောက်ကပ်ကို ပျက်ဆီးစေတတ်ပြီး ပဲနဲ့ ဓာတ်မတည့်သူတွေ အတွက်တော့ မစားသင့်ပါဘူး။

Photo: dailyhealth