အားလုံးပဲမင်္ဂလာပါနော်။ ပုဇွန်တုံယမ်းဟင်းရည်လေးကို ကြိုက်ကြလားရှင့်။ ချဉ်ချဉ်စပ်စပ်လေးနဲ့ဆို အရသာရှိပြီး ခံတွင်းရှင်းလို့ လူကြိုက်များပါတယ်။

အရသာရှိပြီး ပူပူနွေးနွေး ပုဇွန်တုံယမ်းဟင်းရည်လေးကို အိမ်မှာချက်စားလို့ရအောင် မျှဝေပေးသွားမယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်စွပ်ပြုတ်ရည် (မရှိရင် အသင့်သုံးကြက်စွပ်ပြုတ်ရည် (သို့) ပင်လယ်စာ စွပ်ပြုတ်ရည် ကို ဝယ်လို့ရပါတယ်။)
  • ဂျင်း အနည်းငယ်
  • စပါးလင် ၁ ချောင်း ( နုတဲ့အပိုင်းကို တောက်တောက်စဉ်းလိုက်ပါ။)
  • ငရုတ်သီးတောင့် ၄ တောင့်ခန့်
  • ရှောက်ရွက် အနည်းငယ်

  • ကြက်သွန်ဖြူ ၄ မွှာ တောက်တောက်စဉ်းပါ
  • ကြက်သွန်နီ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • သံပရာရည် အနည်းငယ်

  • မှို
  • ပုစွန်
  • ခရမ်းချဉ်သီး တစ်လုံး (အတုံးလိုက်လှီးပါ)
  • ငရုတ်စပ်အရည် (သို့) ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်စွပ်ပြုတ်ရည်၊ စပါးလင် တို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင်တည်လိုက်ပါ။

ပြီးရင်တော့ ဂျင်း ၊ ကြက်သွန်နီ၊ ဖြူ၊ ရှောက်ရွက်၊ ငရုတ်သီး၊ သံပရာရည်၊ ငါးငံပြာရည်၊ ပဲငံပြာရည် စတာတွေကိုထည့်လိုက်ပြီး ၅ မိနစ်လောက် ထားပါ။

ပြီးရင်တော့ မှိုထည့်ပါမယ်။ တခြားအသီးအရွက်တွေကြိုက်ရင်လည်းထည့်ပါ။ (ပန်းဂေါ်ဖီ၊ မုန်လာဥနီစသည်)

ပုဇွန်နဲ့ ခရမ်းချဉ်သီးထည့်ပါ။

ရပြီဆိုရင် အပူချိန်ကိုလျှော့လိုက်ပြီး အရသာမြည်းကြည့်ပါ။ အငန်လိုရင် ထပ်ထည့်ပါ။ အရောင်လေးလှအောင် ငရုတ်စပ်ရည် (သို့) ငရုတ်သီးအနှစ် လေး ထည့်လိုက်ပါ။

ရပြီဆိုရင် မီးဖိုပေါ်ကချပြီး နံနံပင်ခြွေထည့်ကာ သုံးဆောင်လို့ရပါပြီနော်။

Source: www.lemonblossoms.com