ကျန်းမာကြံ့ခိုင်သည့် ဘဝတစ်ခုကိုနေထိုင်နိုင်ဖို့အတွက် အောက်စီဂျင်နည်းတူ ရေကိုလည်းအထူးလိုအပ်ပါတယ်။ လုံလောက်သည့်ရေပမာဏမရှိဘဲ ခန္ဓာကိုယ်ပုံမှန်မလည်ပတ်နိုင်ပါဘူး။ တနေကုန်လုံးရေဓာတ်အပြည့်ရှိနေဖို့ ရေလုံလုံလောက်လောက်သောက်သုံးပေးရန် ကျန်းမာရေးပညာရှင်များက အကြံပေးသော်လည်း ရေတစ်မျိုးတည်းသာမက အခြားရေဓာတ်ပါဝင်သော သစ်သီးဝလံများကိုလည်း စားသုံးပေးနိုင်ပါတယ်။

ရေဓာတ်ရှိသည့် သစ်သီးများသည် ကယ်လိုရီနည်းပါးပြီး ကိုယ်အလေးချိန်လျော့ကျရန်လည်း ကူညီပေးနိုင်ပါတယ်။ ကျန်းမာရေးကောင်းမွန်ရန်လိုအပ်သော သတ္တုဓာတ်များ၊ ဗီတာမင်များ၊ antioxidants များနှင့် ဖိုက်ဘာတို့လည်း ပါဝင်ပြီး ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ၊ အဆိပ်အတောက်များကို ဖယ်ရှားပစ်ရန်ကူညီပေးပါတယ်။ ဒါကြောင့် ဘယ်အသီးအနှံတွေက ရေဓာတ်အများဆုံးပါဝင်သလဲဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဖရဲသီး

ရေဓာတ်ပါဝင်နှုန်း – ၉၂ ရာခိုင်နှုန်း

သုတေသီများ၏ ဖော်ပြချက်များအရ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးနောက် ဖရဲသီးကိုစားသုံးပေးခြင်းက ရေနှစ်ခွက်သောက်သုံးတာနှင့်ညီမျှပါတယ်။ ခန္ဓာကိုယ်ကျစ်လျစ်ကျန်းမာမှုရှိစေရန်အတွက် ဗီတာမင်အေ၊ စီ၊ beta-carotene နှင့် lycopene တို့လည်းပါဝင်ပါတယ်။

၂။ စတော်ဘယ်ရီသီးများ

ရေဓာတ်ပါဝင်နှုန်း – ၉၂ ရာခိုင်နှုန်း

ဘယ်ရီသီးများထဲမှာမှ ရေဓာတ်ပါဝင်နှုန်း ၉၂ ရာခိုင်နှုန်း ရှိသည့် စတော်ဘယ်ရီသီးများသည် ဗီတာမင်စီ၊ ဖိုက်ဘာ၊ ပိုတက်စီယမ်နှင့် ဖောလစ်အက်စစ်တို့ပါဝင်ပါတယ်။ စားသုံးပြီးသည့်နောက်မှာလည်း ပြည့်အင့်နေသည့်ခံစားချက်ကို ပေးစွမ်းနိုင်တာကြောင့် ကိုယ်အလေးချိန်လျာ့ချရာတွင် အထူးအထောက်အကူဖြစ်ပါတယ်။

၃။ ဂရိတ်ဖရု (ရှောက်ခါးသီး)

ရေဓာတ်ပါဝင်နှုန်း – ၉၁ ရာခိုင်နှုန်း

အရည်ရွမ်းပြီး စူးသောအနံ့နှင့် ဂရိတ်ဖရုသီးများသည် ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ကာ အင်ဆူလင်ပမာဏကို လျော့ကျစေပြီး အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ သာမန်အအေးမိခြင်းမှ ကာကွယ်ပေး၍ ကိုယ်အလေးချိန်လျော့ကျရန်၊ အသားအရေလှပစေရန် စသည့်ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၄။ သခွားမွှေးသီး

ရေဓာတ်ပါဝင်နှုန်း – ၉၀ ရာခိုင်နှုန်း

ချွေးထွက်ခြင်းကြောင့်ကုန်ဆုံးသွားသော ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပြီး သခွားမွှေးသီးများကို မှန်မှန်စားသုံးပေးပါက အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ကို ကာကွယ်ပေးပြီး ကျန်းမာသောအသားအရေနှင့် ဆံကေသာကို ရရှိစေပါတယ်။ သည့်အပြင် သာမန်အအေးမိခြင်းမှ ကင်ဆာရောဂါအထိ ကာကွယ်ပေးနိုင်ပါတယ်။

၅။ မက်မွန်သီး

ရေဓာတ်ပါဝင်နှုန်း – ၈၈ ရာခိုင်နှုန်း

ကယ်လိုရီပါဝင်မှုနည်းပါးပြီး ပျော်ဝင်နိုင်သည့်အဆီများမပါဝင်တာကြောင့် အဝလွန်ခြင်းကိုတိုက်ထုတ်ပေးကာ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

၆။ နာနတ်သီး

နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေဓာတ်ပါဝင်နှုန်း – ၈၇ ရာခိုင်နှုန်း

ဆိုဒီယမ်နှင့်အဆီပါဝင်မှုနည်းပါးကာ အန္တရာယ်ရှိသည့်အဆိပ်အတောက်များကိုဖယ်ရှားပြီး ခန္ဓာကိုယ်ကိုသန့်စင်ပေးပါတယ်။ သည့်အပြင် ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အစာခြေအားကောင်းစေခြင်း၊ မျက်လုံးကျန်းမာရေးတိုးစေခြင်းနှင့် အရိုးများကိုပါသန်မာစေပါတယ်။

၇။ လိမ္မော်သီးများ

ရေဓာတ်ပါဝင်နှုန်း – ၈၇ ရာခိုင်နှုန်း

လိမ္မော်သီးများကို မှန်မှန်စားသုံးပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းစေခြင်း၊ အသားအရေလှပစေခြင်း၊ နှလုံးကျန်းမာရေးတိုးတက်စေခြင်း၊ ကိုလက်စထရောပမာဏကျဆင်းစေခြင်း၊ ကင်ဆာရောဂါများကို တိုက်ထုတ်နိုင်ခြင်း စသည့် ကောင်းကျိုးအစုံအလင်ကို ရရှိနိုင်ပါတယ်။

၈။ တရုတ်ဆီးသီး

ရေဓာတ်ပါဝင်နှုန်း – ၈၆ ရာခိုင်နှုန်း

ကြွက်သားများပုံမှန်အလုပ်လုပ်ခြင်း၊ နှလုံးခုန်မှန်ခြင်း၊ နှလုံးရောဂါကာကွယ်ပေးခြင်း၊ မကောင်းသောကိုလက်စထရောများ လျော့ကျစေခြင်းနှင့် အခြားကင်ဆာရောဂါများဖြစ်ပွားမှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၉။ ဆီးသီး

ရေဓာတ်ပါဝင်နှုန်း – ၈၅ ရာခိုင်နှုန်း

သွေးပေါင်ချိန်မြင့်တက်မှုကို ထိန်းချုပ်ရန်၊ လေဖြတ်နိုင်မှုကိုလျော့ကျရန်၊ ကင်ဆာကာကွယ်ရန်နှင့် အစာမကြေခြင်း၊ တုပ်ကွေးနှင့် စိုးရိမ်ကြောင့်ကြမှုဆိုင်ရာ ပြဿနာများတို့အတွက် ဆီးသီးကို မှန်မှန်စားသုံးပေးပါ။

၁၀။ ပန်းသီး

ရေဓာတ်ပါဝင်နှုန်း – ၈၄ ရာခိုင်နှုန်း

ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေအားကောင်းခြင်း၊ နှလုံးကျန်းမာရေးတိုးတက်စေခြင်း၊ အသားအရေလှပစေခြင်း၊ အမြင်အာရုံတိုးစေခြင်း စသည့်ကောင်းကျိုးများကို ရရှိနိုင်ရန် ပန်းသီးကို နေ့စဉ်မှန်မှန်စားပါ။ ထိုမျှသာမက ကင်ဆာ၊ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ ဖြစ်ပေါ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။