ပိတ်ရက်ရောက်တဲ့အခါ မိသားစုနဲ့ဖြစ်ဖြစ် ချစ်သူခင်သူတွေနဲ့ဖြစ်ဖြစ် ပန်းခြံတွေ၊ ကစားကွင်းတွေကို ပျော်ပွဲစားထွက်တတ်ကြလားရှင့်။

ပျော်ပွဲစားထွက်ပြီဆိုရင်လည်း ထမင်းချိုင့်လေးတွေက အမြဲသယ်သွားတတ်ကြပြီး တစုတဝေး ပျော်ပျော်ပါးပါးကြီး စားသုံးတတ်ကြတာ မြန်မာလူမျိုးတွေရဲ့ ဓလေ့ပါနော်။

ဒါပေမယ့်လည်း သေချာစီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက်ပျော်ပွဲစားသွားဖို့ ဆုံးဖြတ်လိုက်မိရင် ထမင်းချိုင့်ပြင်ဆင်ဖို့ အချိန်ဆိုတာရှိမှာမဟုတ်တော့ပါဘူးနော်။

ဒီလိုမျိုး အချိန်မရှိတဲ့အခါ အလွယ်တကူ ထုပ်ပိုးသွားနိုင်မယ့် တူနာအစာသွပ် တြိဂံထမင်းလိပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရှမ်းဆန် – ၁ လုံးခွဲ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ ဇွန်း

တူနာအနှစ်အတွက် ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ – 1/8
  • ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပန်းသီးရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • မရောနိစ် – စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။ ပုံမှန်အတိုင်းပဲ ဆန်ဆေး၊ ထမင်းချက်ကာ ကျက်ပြီဆိုရင် နှမ်းဆီဆမ်းပြီး ဆားလေးဖြူးလိုက်ပါ။

၂။ နယ်ထားတဲ့ ထမင်းကို ဘေးမှာအသာခဏထားကာ ကြက်သွန်နီကို နုပ်နုပ်လေးတွေစဉ်းလိုက်ပါ။

၃။ တတိယအဆင့်အနေနဲ့ တူနာကို အရည်တွေစစ်လိုက်ပြီး ပန်းကန်လုံးတစ်ခုထဲထည့်လိုက်ပါ။

၄။ တူနာပန်းကန်ထဲကို မရောနိစ်၊ ငရုပ်ကောင်းမှုန့်၊ ပန်းသီးရှာလကာရည်တို့ထည့်ကာ သေချာနှံ့အောင်မွှေပေးပါ။

၅။ တြိဂံထမင်းလိပ်လေးလုပ်ဖို့လိုအပ်တဲ့ ပုံစံခွက်နဲ့အတူ လက်အိတ်တွေကို အသင့်ပြင်ထားပါ။

၆။ ပြီးရင်တော့ တြိဂံပုံစံခွက်လေးအထဲဖက် အောက်ခြေကို ထမင်းထည့်လိုက်ပြီး အလယ်နားလောက်မှာ အနည်းငယ်ခွက်အောင်ထားလိုက်ပါ။ ခွက်နေတဲ့နေရာမှာ တူနာအနှစ်ကို စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ထည့်ပြီးတော့ အပေါ်ကနေ ထမင်းတွေထပ်ထည့်လိုက်ပါ။ အဖုံးလေးအုပ်လိုက်ပြီး တြိဂံပုံစံဖြစ်အောင် ဖိချလိုက်ပါ။

၇။ ထိုပုံစံအတိုင်း ထမင်းတွေကုန်တဲ့အထိ ဆက်တိုက်လုပ်ပေးသွားမယ်ဆိုရင် အနည်းဆုံး ၅ ခု ၆ ခုလောက်တော့ ရပါလိမ့်မယ်။

၈။ ဒီအတိုင်းလေးပဲထားနိုင်သလို ကိုယ်က ရေညှိချစ်သူဆိုရင်တော့ ရေညှိလေးတွေကို ထမင်းလိပ်လေးတွေမှာ စိတ်တိုင်းကျ ကပ်ပေးလိုက်ပါ။

Credit: www.kitchenbowl.com