အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးကတ်သလစ်ကို တူနာငါးနဲ့ ကြော်စားမယ့်နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးအကြီး ၃ လုံး
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)

  • နံနံပင် လက်တစ်ဆုပ်စာခန့် (နုတ်နုတ်စင်းထားပါ)
  • တူနာငါး စည်သွပ်ဗူး ၂ ဗူး (၅ အောင်စခန့်)
  • အချောင်းလိုက်ခြစ်ချထားသော ချိစ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၃ လုံး

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ဆီများများ

ပြုလုပ်နည်းအဆင့်ဆင့်

အာလူးများကို အခွံခွာပြီ အနေတော် အတုံးများတုံးကာ ဆားအနည်းငယ်ထည့်ပြီး အိုးထဲတွင် ထည့်ပြုတ်ထားပါ။ အာလူးများ နူးညံ့လာပါက ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ထည့်လိုက်ပါ။

ထို့နောက် ထောပတ်တုံးများထည့်ကာ အာလူးများနဲ့အတူတကွ ကြိတ်ချေလိုက်ပါ။ ကြက်သွန်ဖြူမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ရောမွှေပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ တူနာ၊ ကြက်သွန်နီ၊ နံနံပင်နဲ့ ချိစ်များထပ်ထည့်ပြီး သမသွားအောင် ထပ်မွှေပေးရပါမယ်။

အာလူးများ အတန်အသင့်အေးသွားပြီဆိုပါက ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ထပ်မွှေပေးရပါမယ်။ (ကျန်တဲ့ ကြက်ဥ ၂ လုံးကိုတော့ သပ်သပ်စီမွှေခလောက်ထားရပါမယ်)။ ပြီးတဲ့အခါ အနေတော် အလုံးလေးများ လုံးပေးပြီးနောက် ရေခဲသေတ္တာထဲတွင်၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

အလုံးပုံသဏ္ဍာန်မကြိုက်ပါက မိမိကြိုက်နှစ်သက်ရာပုံသဏ္ဍာန်လေးများ ပြုလုပ်နိုင်ပါသေးတယ်။

အချိန်ပြည့်ပါက ရေခဲသေတ္တာထဲက ထုတ်ပြီး ဂျုံမှုန့်ကပ်ပါ၊ ကြက်ဥထဲနှစ်ပါ၊ ထို့နောက် ပေါင်မုန့်အကြေအစများနဲ့ ထပ်ကပ်ပေးရပါမယ်။

ရရှိလာတဲ့ ငါး အာလူးလုံးများကို ဆီများများနဲ့ ကြော်ပေးရပါမယ်။ အာလူးကစ်သလစ်လုံးများ ရွှေညိုရောင်ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ်တင်ထားကာ ပိုလျှံနေသောဆီများကို ဖယ်ထုတ်လိုက်ပါ။

ဒါဆိုရင်တော့ ကလေး၊ လူကြီးအားလုံး ကြိုက်နှစ်သက်တဲ့ တူနာ အာလူးကတ်သလစ်လေး ရရှိသွားပါပြီ။ ပန်းကန်ထဲသို့ ပြောင်းထည့်ကာ အချဉ်ဆော့စ်များနဲ့ အရသာရှိရှိသုံးဆောင်လိုက်ပါ။

Source: picturetherecipe.com