တမာပင်ကို မြင်ဖူးကြပါလား။ အထက်အညာဘက်ကို သွားရင်တော့ တမာနံ့လေး သင်းနေပြီး တမာပင်အရိပ်လေးတွေ အောက်မှာ ခိုလို့ရလောက်အောင် တမာပင်တွေ ပေါလှပါတယ်။ သီချင်းတောင် ရှိပါသေးတယ် “တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ..” ရန်ကုန်မှာတော့ တမာပင်ကို သေချာ မသိပေမယ့် တမာချဉ်ကိုတော့ သိကြမယ်ထင်ပါတယ် တမာပင်ဟာ ဆေးဖက်ဝင် အပင်အဖြစ် သတ်မှတ်ခံထားရတဲ့ အပင်ပါ။

တစ်နှစ်ပတ်လုံး စားသုံးလို့ ရနိုင်တဲ့ အပင်ပါ။ ကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ အချက်တွေ ရှိသလို တစ်ချို့အပိုင်းတွေအတွက်တော့ မကောင်းစေနိုင်တာတွေလည်း ရှိပါတယ်။

ဘယ်လို အရာတွေအတွက် ကောင်းမွန်စေသလဲဆိုတာ ကြည့်ရအောင်ပါ။

၁။ အရေပြားအတွက် ကောင်းမွန်

တမာရွက်ဟာ ဗီတာမင် စီ ပါဝင်တဲ့ အတွက် အရေပြားကျန်းမာရေး အတွက် ကောင်းမွန်စေပါတယ်။ ဝက်ခြံ၊ အမဲစက်တွေနဲ့ တင်းတိတ်တွေကို သက်သာစေပါတယ်။ အရေပြားပေါ်မှာ အနာတွေ အပူနာတွေ ပေါက်ရင် တမာရွက် ပြုတ်ရည်နဲ့ ရေချိုးပေးရင် သက်သာစေပါတယ်။ တမာရွက်ရဲ့ သတ္တုရည်နဲ့ ဝက်ခြံတို့ အမဲစက်တို့ ပေါ်ကို တို့ပေးရင်လည်း သက်သာစေပါတယ်။

Neem-trees

၂။ ဆီးချိုရောဂါကို ကုသနိုင်

တမာရွက်ဟာ ခါးသက်သက် အရသာ ရှိပြီး ဆီးချိုသမားတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ ဆီးချိုအမျိုးအစား ၂ အတွက် ကုသရာမှာ ကူညီပေးပါတယ်။ ကိုယ်ထဲက သကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

၃။ အစာကြေစနစ်အတွက် ကောင်းမွန်

ဒီဆေးဖက်ဝင် တမာပင်ဟာ အစာချေဖျက်မှု အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အတွက် လေနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ ရင်ကြပ်ရောဂါအတွက် ကောင်းမွန်

တမာရွက်ဟာ အသက်ရူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေကို ကုသရာမှာ ကူညီပေးပါတယ်။ ချောင်းဆိုးခြင်း၊ အသက်ရူမဝခြင်း၊ ချွဲသလိပ် ခဲနေခြင်းတို့ကနေ သက်သာစေဖို့ တမာရွက်ဟာ အသုံးဝင်ပါတယ်။

၅။ သွားကျန်းမာရေးကို ကူညီ

ရှေးလူကြီးတွေဆိုရင် တမာရိုးနဲ့ သွားတိုက်ကြပါတယ်။ တမာဟာ သွားတွေကို ခိုင်ခံ့ပြီး ဖြူဖွေးစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ သဖုံးအတွင်း ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့ အပြင် သွားပိုးစားခြင်းကိုလည်း သက်သာစေပါတယ်။ ကွမ်းဂျိုးတွေ တက်နေတဲ့ သွားတွေကို တမာရိုးနဲ့ တိုက်ပေးရင် သက်သာစေပါတယ်။ ခံတွင်းအနံ့ကိုလည်း ထိန်းပေးနိုင်ပါတယ်။