အားလုံးပဲ မင်္ဂလာပါ။ အားလပ်ချိန်လေးမှာ အရသာရှိတဲ့ အစားအစာတွေ လုပ်စားရတာ ဝါသနာပါကြရဲ့လားမသိဘူးနော်။ ဟင်းရွက်စုံ ကြက်ဥပူတင်းပြုလုပ်နည်းလေး ဝေမျှပေးချင်လို့ပါ။

ပါဝင်ပစ္စည်းများ

  • နုတ်နုတ်စင်းထားသော ပန်းဂေါ်ဖီစိမ်း၊ မှို၊ ဟင်းနုနွယ်၊ ငရုတ်ပွ ပန်းကန်လုံး ၃ ခွက်စာ (မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များဖြင့်လည်း အစားထိုး ချက်ပြုတ်နိုင်ပါတယ်)
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁၂ လုံး

  • နွားနို့ ၆၀ မီလီလီတာ
  • ငရုတ်ကောင်းမှုန့်နဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ချိစ် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ကာ ဟင်းသီးဟင်းရွက်များ နူးညံ့သွားသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ပုံစံခွက်ပါသည့် လင်ဗန်းကို ဟင်းချက်စပရေးဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် ကြော်ထားသော ဟင်းသီးဟင်းရွက်၊ ကြက်သွန်နီနှင့် ချိစ်များကို ပုံစံခွက် ၁၂ ခွက်ထဲသို့ အညီအမျှခွဲထည့်လိုက်ပါ။

၄။ ကြက်ဥကို မွှေခလောက်ပြီနောက် နွားနို့၊ ငရုတ်ကောင်းမှုန့်နဲ့ ဆားတို့ထည့်ပြီး ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၅။ ထိုကြက်ဥအရောအနှောများကို ပုံစံခွက်ထဲသို့ အညီအမျှလောင်းထည့်ပြီးနောက် မီးဖိုထဲတွင် ၂၂ မိနစ်၊ ၂၅ မိနစ်ခန့် ထည့်ဖုတ်ထားလိုက်ပါ။

၆။ အချိန်ပြည့်ပါက ပုံစံခွက်လေးထဲမှ ဖယ်ထုတ်လိုက်ပြီး အအေးခံထားလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်စုံ ကြက်ဥပူတင်းလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: spendwithpennies.com