ဝက်သားကြိုက်ပေမယ့် ဝက်သားဟင်းချည်းစားရတာ အမြဲရိုးအီနေပြီ ဆိုသူတွေအတွက် ဗီယက်နမ်စတိုင် ဝက်သားအုန်းရည်နှပ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား (ဗိုက်သား) ၂၅ကျပ်သား
  • ကြက်သွန်နီ တစ်လုံး
  • သကြား
  • ငံပြာရည် ၆ဇွန်း
  • အုန်းရည် တစ်ခွက်
  • ကြက်သွန်ဖြူ ကြိတ်ပြီး တစ်ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၃ဥ
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း

ဝက်သားကို အတုံးလေးတွေပိုင်းပြီး ပထမဦးဆုံး ပန်းရောင်သန်းတာ ပျောက်အောင် ဆားရည်နှင့် တစ်မိနစ်ခန့် ဆူအောင်ထားပါ။ အရောင်ပျောက်သွားရင် ရေးအေးနဲ့ဆေးချပြီး အညစ်အကြေးတွေ စင်အောင်ဆေးပါ။

ပြီးလျှင် ကြက်သွန်ဖြူကြိတ်အနှစ်၊ သကြား၊ ငံပြာရည် နှစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး နယ်ကာ ရေခဲသေတ္တာထဲ တစ်ညထားထားပါ။ချက်ပြုတ်ခါနီး ဒယ်အိုးထဲဆီထည့်ပြီး မီးအပူမြှင့်ကာ တစ်ညထားထားသော ဝက်သားများကို ထည့်ပြီးမွှေပါ။ ရွှေရောင်သန်းလာလျှင် ဝက်သားများကို ဇလုံတစ်ခုထဲ ဆယ်ထုတ်ပြီး ဆီသုံးဇွန်းစာမှအပ မလိုအပ်သော အဆီများကို ဒယ်အိုးထဲမှ ဖယ်ထုတ်လိုက်ပါ။

ထို့နောက် ဒယ်အိုးထဲတွင် ကျန်ရှိသေးသော ဆီထဲသို့ သကြားအနည်းငယ် ထည့်ကာ ပျော်ဝင်သည်အထိ မွှေပေးပါ။ သကြားပျော်ဝင်မှသာ ဆယ်ထားသောဝက်သားများကို ဒယ်အိုးထဲထည့်၍ နုတ်နုတ်စင်းထားသော ကြက်သွန်နီကြက်သွန်ဖြူပါရောထည့်ကာ မွှေပါ။

ပြီးလျှင် ငံပြာရည်လောင်းထည့်ကာ ကြက်သွန်နီ ပျော့လာသည်အထိမွှေပါ။ ထိုအချိန်တွင် သကြားများခဲလာပါလိမ့်မည်။ စိတ်မပူပါနှင့် နှပ်သည့်အခါ ပျော်ဝင်သွားပါလိမ့်မယ်။

နောက်ဆုံးတွင် အုန်းရည်လောင်းကာ ဖြည်းဖြည်းချင်းဆူအောင်ထားပါ။ အပူလျှော့ပြီး အရည်များအငွေ့ပျံကာ ပြစ်ပြစ်လေးဖြစ်သည်အထိ မွှေပေးပါ။ ထို့နောက် မီးဖို ပေါ်မှချကာ ချိုမွှေးသော ဝက်သားအုန်းရည်နှပ်ကို ထမင်းနှင့်အတူ ထည့်စားနိုင်ပါပြီ။

သတိပြုရန်

အကယ်၍ ကြက်ဥ၊ ငုံးဥတို့ကြိုက်လျှင်လည်း ပြုတ်ပြီး ထည့်ချက်နိုင်ပါသည်။

Source: Sybaritica