အားလုံးပဲ မင်္ဂလာပါ။ ရှားစောင်းလက်ပတ်ရဲ့ အစွမ်းသတ္တိတွေနဲ့ပတ်သက်လို့တော့ များများစားစား စာဖွင့်ပြီးပြောနေစရာမလိုပါဘူးနော်။

ကျန်းမာရေးအတွက်ကောင်းမွန်ရုံသာမက ဆံပင်၊ အသားအရေ အားလုံးအတွက်ကိုပါ အကျိုးရှိရှိ အသုံးပြုနိုင်တဲ့ ရှားစောင်းလက်ပတ်ကို သောက်တာအပြင် ဘယ်လိုနေရာတွေမှာပါ အသုံးပြုနိုင်လဲဆိုတာ အခုဖော်ပြပေးချင်ပါတယ်။

၁။ ထိခိုက်ဒဏ်ရာများကို ကုသနိုင်ခြင်း

ရာစုနှစ်များစွာကတည်းက အသုံးပြုလာကြတဲ့ ရှားစောင်းလက်ပတ်ကို အသားအရေပျက်စီးတာတွေ၊ ထိခိုက်ရှနာတွေကို ကုသရာမှာ သုံးစွဲနိုင်ပါတယ်။ အသားအရေအသစ်ဖြည်တည်မှု၊ တစ်သျှူးဆဲလ်သစ်တွေနဲ့ ဆဲလ်ပြန်လည်ဖြစ်ပေါ်ခြင်းတို့ကို တိုးမြှင့်ပေးပါတယ်။

ရှားစောင်းလက်ပတ်အရွက်ကို အလယ်ကနေပြီး အရှည်လိုက် ထက်ခြမ်းခွဲကာ ရှနာတွေအပေါ်မှာ အုပ်ထားပေးလိုက်ပါ။

၂။ အပူလောင်ရာတွေကို သက်သာစေခြင်း

ရှားစောင်းလက်ပတ်မှာ သဘာဝအတိုင်း အေးမြတဲ့ သတ္တိရှိတာကြောင့် မတော်တဆ အပူလောင်တဲ့အခါ ရောင်ရမ်းနီရဲတာတွေကို သက်သာစေကာ အသားအရေပြန်လည်ဖြစ်တည်လာမှုကို အားကောင်းစေပါတယ်။

ရှားစောင်းလက်ပတ်ဘေးပတ်ပတ်လည်က အစူးတွေကို လှီးထုတ်လိုက်ပြီး အရွက်ကို အရှည်လိုက်လှီးပါ။ အတွင်းက အသားကို ဓားနဲ့ကော်ထုတ်လိုက်ပြီး အပူလောင်ဒဏ်ရာအပေါ်မှာ လိမ်းပေးပါ။

၃။ အင်းဆက်ပိုးမွှားကိုက်ရာတွေကို ကုသနိုင်ခြင်း

ပိုးကောင်တွေ အကိုက်ခံရပြီးလို့ ယားယံနေတာ၊ နီရဲရောင်ရမ်းနေတာတွေကို သက်သာစေဖို့အတွက် ရှားစောင်းလက်ပတ်ကို အသုံးပြုပါ။

ရှားစောင်းလက်ပတ်အရွက်ကို အရှည်လိုက်လှီးကာ အကိုက်ခံထားရတဲ့နေရာတွေအပေါ်ကို ဂျယ်လ်လေးတွေ သုတ်ပေးလိုက်ပါ။

၄။ ချေးချွတ်ခြင်း

ရှားစောင်းလက်ပတ်ကို အသုံးပြုပြီး ချေးချွတ်ခြင်းဖြင့် အသားအရေကို အသစ်အတိုင်းပြန်လည်ဝင်းမွတ်လာစေပါတယ်။ အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပစ်ပြီး နူးညံ့လွန်းတာကြောင့် အထိမခံတဲ့ အသားအရေပေါ်မှာတောင် အသုံးပြုပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြားအညို စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သေချာရောစပ်ကာ အသားအရေပေါ် သုတ်လိမ်းကာ ချေးချွတ်ပါ။ ပြီးရင်တော့ ရေနဲ့ဆေးချလိုက်ပါ။

Source: BrightSide