သံပုရာသီးက စွယ်စုံအသုံးဝင်တယ်လို့ ပြောရင်တောင် မမှားပါဘူး။ ဟင်းချက်ရာမှာဖြစ်ဖြစ် ဖျော်သောက်ရာမှာဖြစ်ဖြစ် မျက်နှာပေါင်းတင်ရာမှာဖြစ်ဖြစ် သူ့နေရာနဲ့သူ အသုံးဝင်နေတဲ့ သံပုရာသီးက မီးဖိုချောင်တွင်း အခြားနေရာတွေမှာလည်း အံ့သြလောက်အောင် အသုံးပြုလို့ရတာကြောင့် မျှဝေပေးလိုက်ပါတယ်။

၁။ ခြစ်ခုံ သန့်စင်မယ်။

Source: The NewYork Times

ကြက်သွန်နီ၊ မုန်လာဥနီစတဲ့ ဟင်းသီးဟင်းနှံတွေကို ပါးပါးလေးလွှာခြစ်တဲ့ ခြစ်ခုံတွေကြာလာတော့ ဘယ်လောက်ဆေးဆေး ပြောင်တယ်ရယ်လို့မရှိပဲ အပေါက်လေးတွေထဲမှာ အစာကျန်တာကတစ်ဆင့် ချေးပုံစံ ကပ်ငြိလာပါတယ်။ အဲ့ဒီ့အခါ သံပုရာသီးကို နှစ်ခြမ်းခြမ်းပြီး ခြစ်ခုံရဲ့အပေါက်တစ်နေရာ မကျန် ပွတ်တိုက်ပေးပါ။

၂။ ဟင်းသီးဟင်းနှံတွေ ဆေးကြောမယ်။

အခုခေတ်မှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေမှာ ပိုးသတ်ဆေးတွေရဲ့ အာနိသင်ရှိနေတာကြောင့် စားသုံးရတဲ့အခါ ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ အဲ့ဒီ့တော့ အသီးအနှံတွေကို မစားခင် သံပုရာသီး၊ ရှာလကာရည်၊ ရေ သုံမျိုးကိုရောပြီး အသီးအနှံတွေပေါ်ဖြန်းပေးပါ။ ပြီးရင်ရေအေးနဲ့ဆေးပြီး စားသုံးလို့ရပါပြီ။

၃။ သစ်သီးအရောင်စွန်းတာ ဖယ်ရှားပေး။

ဘယ်ရီးသီးတွေစားလို့ အဝတ်အစားပေါ်စွန်းထင်ခဲ့ရင် သံပုရာသီးနဲ့ပွတ်ပေးပါ။ အစွန်းအထင်းပျောက်တဲ့ အပြင် အနံအသက်လေးပါ ပျောက်စေပါတယ်။

၄။ အသီးအနှံတွေဖြူဖွေးစေ။

တစ်ချို့အသီးအနှံတွေဖြစ်တဲ့ အာလူး၊ ပန်းသီး၊ သစ်တော်သီး စတာတွေက ဓားနဲ့လှီးလိုက်တဲ့အခါ အညိုရောင်သန်းသွားပါတယ်။ သံပုရာရည်ဖျန်းလိုက်ပါ။ ချက်ချင်းဖြူဖွေးသွားပါမယ်။

၅။ စတီးပစ္စည်းတွေကို ပြောင်လက်စေ။

ပေါင်မုန့်ဖုတ်စက်၊ စတီးကြိတ်စက် စတဲ့ မီးဖိုချောင်သုံးစတီးပစ္စည်းတွေ ဆီချေးတက်ညစ်ပေနေတဲ့အခါ သံပုရာသီးနဲ့တိုက်ပေးပြီး အဝတ်ခြောက်နဲ့ ပြန်သုတ်ပေးပါ။ ပြောင်လက်တောက်ပြောင်သွားပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါနဲ့ပါ ရောတိုက်မယ်ဆိုရင်တော့ ဒီထက်ပိုတောက်ပြောင်သွားပါလိမ့်မယ်။

၆။ မိုက်ခရိုဝေ့ဗ် မီးဖိုကို သန့်စင်ပေး။

မိုက်ခရိုဝေ့ဗ် ပန်းကန်လုံးထဲကို သံပုရာသီး အစိတ်စိတ်လှီး အရည်ညှစ်၊ ရေနွေးထည့်ပြီး  မိုက်ခရိုဝေ့ဗ်ထဲ ဆူတဲ့အထိထားပြီး ဆူတာနဲ့ တစ်မိနစ်လောက် ထားပြီးမှထုတ်ပါ။ သံပုရာသီးပေါင်းရည် အငွေ့က မိုက်ခရိုဝေ့ဗ်ထဲရှိတဲ့ အညစ်အကြေးတွေကို နူးပျော်စေပြီး အဝတ်သန့်နဲ့ သုတ်လိုက်ရင် သန့်ရှင်းသွားပါပြီ။

၇။ ပုရွက်ဆိတ် ရှောင်ပြေး။

တံခါးဘောင်၊ ပြတင်းပေါက် ဘောင်ပေါ်ပွတ်တိုက်ပေးခြင်းအားဖြင့် ပုရွက်ဆိတ်နဲ့ အခြားအင်းဆက်တွေကို အိမ်ပြောင်းစေပါတယ်။

အခုဆိုရင် သံပုရာသီးရဲ့ မီးဖိုချောင်ရေးရာ အသုံးဝင်ပုံကိုသိရပြီ ဆိုတဲ့အတွက် လွယ်လွယ်ကူကူ အသုံးပြုနိုင်ကြပါစေ။