ဆီလုံးဝ မသုံးသလို အချိုမှုန့်လည်း မသုံးစွဲထားတဲ့အတွက် ကျန်းမာရေး အတွက် အသင့်တော်ဆုံးဖြစ်ပြီး အရသာရှိတဲ့ အစာတခွက်ပါပဲ။

မုန်ညင်းဖြူအစားသွပ်  လုပ်စားကြတာပေါ့။

လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ မုန်ညင်းဖြူ

၂။ ဝက်သားတောက်တောက်စင်း(သို့) ကြက်သား တောက်တောက်စင်း

၃။ အပ်မှို

၎။ ပဲငံပြာရည်

၅။ ငရုပ်ကောင်း

၆။ ရေခဲ အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ အသားတွေကို တောက်တောက်စင်းပါ။ ပဲငံပြာရည်၊ ငရုပ်ကောင်းနဲ့နယ်ပြီး နှပ်ထားပါ။

၂။ မုန်ညင်းဖြူရွက်ကို ရေဆေးပြီး ရေနွေးနဲ့ ပြုတ်လိုက်ပါ။ အကြာကြီးမပြုတ်လိုက်ပါနဲ့။ အရွက်များညိုးသွားပါက ဆယ်ယူပြီး ရေခဲရေ ထဲခဏ စိမ်လိုက်ပါ။ အရင်းနူးလျှင် ပေါင်းတဲ့ အချိန် အရွက်မလှဘဲ ဖြစ်နိုင်ပါတယ်။

၃။ ရေခဲထဲ ထည့်ထားတဲ့ မုန်ညင်းရွက်ကို  တရွက်ချင်းစီ ဆယ်ယူလိုက်ပြီး နှပ်ထားတဲ့ တောက်တောက်ဆင်း အသား၊ အပ်မှို တို့ကို ထည့်လိုက်ပြီး လှပအောင် လိပ်လိုက်ပါ။

၎။ မုန်ညင်းဖြူရွက်ထဲ အစာများသွပ်ပြီးသွားပါက ပေါင်းမယ့်အိုးထဲကို စီထည့်ပြီး ပေါင်းလိုက်ရုံပါပဲ။ မပေါင်းခင် ရေနွေး အရင်ကြိုထားရင်တော့ အကျက်မြန်ပါမယ်။

အချိန်ကတော့ သိပ်မကြာပါဘူး။ မိနစ် ၂၀ ဆိုရင်တော့ အနံ့အရသာ ရှိတဲ့ မုန်ညင်းဖြူ အစာသွပ် ရရှိပါမယ်။

ဒီအစားအစာကတော့ ဝိတ်ချတဲ့သူအတွက် ညနေ အစာရှောင်တဲ့သူအတွက်နဲ့ လေ့ကျင့်ခန်းဆော့တဲ့သူတွေ အတွက် အသင့်တော်ဆုံး အစာပါပဲ။

မုန့်ညှင်းအစာသွပ် လုပ်စားရအောင်