လူတော်တော်များများ နှစ်ခြိုက်စွာ စားနေကြတဲ့ ကျောက်ပွင့်သုပ်မှာပါတဲ့ ကျောက်ပွင့်ဟာ ပင်လယ်ထဲကရတဲ့ ရေညှိ အမျိုးအစားတစ်ခုတော့ မဟုတ်လှပါဘူး။ မှိုအမျိုးအစား တစ်မျိုးဖြစ်ပြီး တရုတ်ပြည်မှာတော့ လူကြိုက်များလှတဲ့ အသီးအရွက်တစ်မျိုးလို့ ပြောကြပါတယ်။ အရောင်မှာ အဖြူရောင်ရှိပြီး သုပ်စား၊ ဟင်းရည် ချက်စားတဲ့အခါ သုံးကြပါတယ်။

တရုတ်ပြည်နဲ့ ဂျပန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်ကပင် ကျောက်ပွင့်ကို စားသုံးခဲ့ကြတာ ဖြစ်ပါတယ်။ ကျောက်ပွင့်ကို Wood Ear လို့လည်း ခေါ်ပါသေးတယ်။ ကျောက်ပွင့်ဟာ ကိုယ်ထဲက ရေဓာတ်ကို မြင့်တက်စေပြီး ချောင်းခြောက်ဆိုးတဲ့ အခါ စားပေးရင် သက်သာစေနိုင်ပါတယ်။ ကျောက်ပွင့် မှာ အရည်ပျော်လွယ်တဲ့အမျှင်တွေရှိပြီး ပရိုတင်းဓာတ်ပေါများစွာပါဝင်ပါတယ်။

အစာကြေမှုနှေးကွေးစေပြီး သွေးအတွင်း သကြားဓာတ်နဲ့ ဆာလောင်မှုကိုထိန်းချုပ်ပေးပါတယ်။ဒါကြောင့် ဒီကျောက်ပွင့်တွေကို  အသုပ်သုပ်စားခြင်းဖြင့် ဗိုက်ပြည့်စေပြီး အဆာခံစေပါတယ်။ ကျောက်ပွင့်ဟာ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ နူနာနဲ့ အဆိပ်နာအမျိုးမျိုးကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

ကျောက်ပွင့်ကို စားတဲ့အခါ ဖွာလာအောင် ရေစိမ်ပြီး အထဲက အမှိုက်လေးတွေ ရှိခဲ့ရင် ထွက်သွားအောင် ခါပြီး ဆေးကြောပေးရပါတယ်။  ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ကျောက်ပွင့်၊ ရှောက်ရွက်တို့ကို ပါးပါးလှီး၍ ငရုတ်ဆီ၊ သံပရာရည်၊ ငံပြာရည်တို့နှင့် သုပ်စားရင် ခံတွင်းမြိန်စေတဲ့ ကျောက်ပွင့်သုပ်ကို ရစေပါတယ်။ ကျောက်ပွင့်ကို အခြား မုန်လာဥနီ၊ တရုတ်ဆီးသီးခြောက်၊ တို့နဲ့ ရောပြီး ဟင်းချိုအဖြစ်လည်း ချက်စားကြပါတယ်။

Ref: wiki

PhotoCredit: vietnamtravelbudget.com