စပါးလင် ထောင်းစရာမလို ၊ ငှက်ပျောအူ မလို၊  ငြုတ်ကောင်း မုန့်ဟင်းခါးပါ။

ပါဝင်ပစ္စည်း

  • ငါးကြင်းပိုင်း – တပိဿာ
  • ငါးဖယ် – ၃၀သား
  • ဘဲဥ – အလုံး၂၀ ( ပြုတ်ပြီးပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ – တစ်ဆယ်သား (ဆီချက်ချက်၊ နောက်၁၅ကျပ်သားမညက်တညက်ထောင်း)
  • ဂျင်း – ၁၀သား (ညက်ညက်ထောင်း)
  • ကြက်သွန်နီအကြီး – အလုံး၂၀ ပါးပါးလှီး (နောက်ထပ်အလုံး၂၀ လေးခြမ်းစိတ်)
  • ကြက်သွန်နီဥခတ် – တပိဿာ (အလုံးလိုက်ထည့်ရန်)
  • ရွှေမင်းသားငံပြာရည် – တစ်ဘူး
  • ထညက်အလုံး – ၁၅လုံး
  • ငြုတ်ကောင်းမူန့်
  • ကြက်သားမူန့်
  • နနွင်း
  • နံနံပင်
  • သံပုရာသီး
  • ငြုတ်ကျက်မူန့်
  • ပဲကြော်
  • ဆန်လှော်မှုန့် – ၅ ကျပ်သား
  • မုန့်ဖတ် – ၅ပိဿာအတွက်ချက်တာပါ

ပြင်ဆင်ပြုလုပ်နည်း

ငါးကြင်းပိုင်းကို ဆား ၊ နနွင်းများများ ငံပြာရည် ၊ ကြက်သွန်ဖြူ ဆယ်တက်လောက် ထုထည့် ၊ စပါလင်၅ချောင်းထုထုံးထည့် ၊   ရွှေမင်းသားငံပြာရည် ဘူးတစ်ဝက်ထည့် ၊ ငါးရေမြုပ်အောင်ထည့်၍ ဆူအောင်တည်ပါ ။  ဆူပြီး ငါးကျက်ရင် ဗန်းတခုထဲအအေးခံပြီး  အသားထွင်ထားပါ။

ငါးပြုတ်ရည်ထဲ ငါးဖယ်ကို မာအောင်ထုပြီး အပြားဝိုင်းကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ ။  ကျက်ရင် ဆယ်ပြီး သေးသေးတုံးပါ ။ ဒယ်အိုးထဲတွင် ဆီ၂၀သားထည့်ပြီး နနွင်းခတ် ၊ ဂျင်းနဲ့ကြက်သွန်ဖြူ ထောင်းတာ ဆီသတ်ပါ ။ ဝါလာရင် ကြက်သွန်နီလှီးထားတာ ထည့်ပါ။

ကြက်သွန်နွမ်းရင် ငံပြာရည်နဲ့ဟင်းခတ်မူန့် ၊ ငြုတ်ကောင်းမုှုန့်ထည့် ဆီသတ်ပြီး ငါးတွေထည့်ပါ ။ အထက်အောက် သမအောင်မွှေပြီး ဆီပြန်ရင် ငါးဆီသတ်ရပါပြီ ။  ငါးပြုတ်ရည်ထဲကို ဆန်လှော်မူန့် ၂၅သား အရည်ဖျော်ထည့် ၊ ထညက်ထည့် ကြက်သွန်နီလေးခြမ်းစိတ်နဲ့ ဥတလုံးထည့်၊ ရေအိုးတဝက်လောက်ထည့်ပြီး ဆူအောင်တည်ပါ။

ရေဆူပြီး ဆန်လှော်မူန့်တွေ ပွလာပြီး ဆန်မူန့်နံ့ပျောက်ရင် ငါးဆီသတ်ထည့်ပါ။ ရေလိုရင် ရေနွေးထည့်ပါ ။ ငါးဖယ်လှီးထားတာနဲ့ ဘဲဥထည့်ပါ ။ အရည်အပျစ်အကြဲ အတော်ဘဲဆို အပေါ့ငန်မြည်းပါ ။ အရသာ စိတ်ကြိုက်ဖြစ်ရင် ငြုတ်ကောင်းမှုန့် ထည့်ပါ။ ဟင်းရည်အိုး ဘွမ်းဘွမ်းဆူရင် မီးရှိန်လျော့ပြီး ဟင်းရည်ကျအောင် ၁၅မိနစ်လောက် ထပ်တည်ထားရင် ငြုတ်ကောင်းနံ့ မွှေးမွှေးလေးနဲ့ ဆန်လှော်မုန့်ဟင်းခါးရပါပြီ ။

ပွဲပြင်ရင်  ပုဂံထဲ မုန့်ဖတ်ထည့် ၊ ဟင်းရည်ထည့် ၊  နံနံပင်၊ ငြုတ်ကျက်မူန့် ၊ ဆီချက် ၊ သံပုရာသီးစိတ်  ၊ ပဲကြော်ရွရွလေးနဲ့ ရှုးရှုးရှဲရှဲစားလို့အလွန်ကောင်းပါသည် ။

Credit: Ohnmar Kyi