ကိုရီးယား အစားအစာ တစ်မျိုးဖြစ်တဲ့ Osam-Bulgogi အကြောင်းလေး ပြောပြမယ်။ အိုဆမ် ဘူဂိုးဂီးဆိုတာ (ဝက်သား နှင့် ပြည်ကြီးငါး)ကို ငရုပ်ဆီ နှင့် ကြော်ထားတာပါ။ အရမ်းမွှေးပြီး စားလို့ အရမ်း ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား – ၂၃၀ ဂရမ်
  • ပြည်ကြီးငါး – ၁၂၀ ဂရမ်
  • ကြက်သွန်နီ ဥကြီး – ၁ လုံး
  • အစိမ်းရောင် + အနီရောင် ငရုပ်ပွ – ၁ လုံးစီ
  • ကြက်သွန်မြိတ် – အနည်းငယ်
  • ကြက်သွန်ဖြူ – ၂ မွှာ
  • ဂျင်း – အနည်းငယ်
  • ငရုပ်ကောင်းမှုန့်
  • ဆီ
  • နှမ်းဆီ
  • နှမ်း
  • ပဲငံပြာရည်အကြည်
  • ကိုရီးယား ငရုပ်အနှစ် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ပြောင်းဖူးရည် Corn-Syrup – ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ပထမဦးစွာ အောက်ဆုံးမှ ပါဝင်ပစ္စည်းသုံးမျိုး ဖြစ်သည့် ငရုပ်အနှစ် ၊ သကြား ၊ ပြောင်းဖူးရည် တို့ကိုရောပြီး ဆော့စ်ပြုလုပ်ထားပါ ။ ပြောင်းဖူးရည် မရှိပါက ပျားရည်ကို အသုံးပြု လို့ရပါတယ် ။
  2. ဝက်သား နှင့် ပြည်ကြီးငါး တို့ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါ ။ ဒယ်အိုးထဲ ဆီထည့်ပြီး ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကို ဆီသတ်၍ ဝက်သား နှင့် ပြည်ကြီးငါး တို့ကိုပါ တစ်ခါထဲရောကြော်ပါ ။ ထို့နောက် ပြုလုပ်ထားသော ငရုပ်သီးဆော့စ်ကို ထည့်ပြီးမွှေပေးပါ ။
  3. အသားနူးပါက အသင့်လှီးထားသည့် ကြက်သွန်နီ ၊ ငရုပ်ပွ (အစိမ်း ၊ အနီ) တို့ကိုပါထည့်ပါ ။ ပဲငံပြာရည်အကြည် အနည်းငယ်ထည့်ပြီး အပေါ့ အငန် မြည်းပါ ။ အပေါ်မှ နှမ်းဆီ အနည်းငယ် ဆမ်းပေးပါ ။ ထို့နောက် ငရုပ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပြီး မီးပိတ်လိုက်ပါ ။
  4. ပုံတွင်ပြထားသည့်အတိုင်း ပြင်ဆင်ပြီး အပေါ်တွင် ကြက်သွန်မြိတ်လေး ဖြူး၍ အသင့်စားသုံးနိုင်ပါပြီ ။ အလွန်မွှေးပြီး အနည်းငယ် အစပ်အရသာ ရှိသော ကိုရီးယား အစားအစာ Osam-Bulgogi လေးပါ ။ ကျေးဇူးတင်ပါသည်။

Credit: Zwe Thu Thu

Photo Credit: happytokorea.com