ဒီတစ်ခါမှာတော့ အပြောင်းအလဲလေးဖြစ်အောင် ငါးနှပ်ဟင်းချိုလေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငါးနှပ်
  • ကြက်သွန် ဖြူ /နီ
  • နနွင်းမှုန့်
  • မျှင်ငပိ
  • ဆား
  • မကျည်းနှစ်
  • နံနံပင်
  • ငရုတ်ကောင်းမှုန့်
  • သံပုရာသီး

ပြင်ဆင်ပြုလုပ်နည်း

ငါးနှပ်ကို သေချာဆေးပြီး ဘေးတောင်လေးတွေ ၊ ခေါင်း နဲ့ အမြီး ဖြတ်ပေးပါ။ အကောင်အရွယ်အစားပေါ်လိုက်ပြီး နည်းနည်းကြီးမှ ၂ ပိုင်းဖြတ်ပေးပါ။ အကောင်နည်းနည်းငယ်ရင် မဖြတ်ပါနဲ့ သူက ပျော့တတ်တဲ့အမျိုးမို့ ကြေသွားမှာစိုးလို့ပါ။

ကြက်သွန် ဖြူ /နီကို နနွင်းမှုန့်နည်းနည်းထည့်ပြီး ညက်အောင်ထောင်းပေးပါ ။ ပြီးရင်တော့ ချက်မယ့်အိုးထဲ မိမိလိုသလောက် ရေအချိုးအစားထည့်ပြီး ထောင်းထားတဲ့ကြက်သွန်တွေကိုပါ ထည့်ပေးပါ။ မီးဖိုပေါ်တင်ပေးပြီး အရည်ဆူလာသည်ထိ တည်ထားပေးပါ ။ မျှင်ငပိကို မဆိုစလောက်လေးထည့်ပေးပါ။ (အချိုမှုန့် ၊ ဟင်းခတ်မှုန့် သုံးတဲ့သူက မထည့်လည်း ရပါတယ်။ အချိုမှုန့် မစားတဲ့သူတွေက မျှင်ငပိကို ထည့်ကိုထည့်ပေးရပါလိမ့်မယ်) ဆားနည်းနည်းထည့်ပေးပါ။

ဟင်းရည်ဆူလာပြီဆိုရင်တော့ ငါးကိုထည့်ပေးပါ။ တပြိုင်တည်းမှာပဲ မကျည်းနှစ်နည်းနည်း ရေဖျော်ထည့်ပေးပါ။ အရသာနဲ့ အရောင်အတွက် နည်းနည်းပါ။ ငရုတ်ကောင်းမှုန့် နည်းနည်းခပ်ပေးပါ။ ဟင်းရည်ထပ်ဆူလာပြီဆိုရင် မိမိကြိုက်သလို အချို အငန် မြည်းပြီး အနေတော်ပြီဆိုရင်တော့ နံနံပင်လေး ခပ်ပေးပါ။

ပူပူနွေးနွးစားရတာ တကယ်အရသာရှိပါတယ်။ စားဖို့ ဟင်းခွက်ထဲကို ထည့်ပြီးရင် သံပုရာသီး ညှစ်ထည့်ပေးပါ။ မကျည်းနှစ် နည်းနည်းထည့်ထားတဲ့အတွက် သံပုရာသီးထည့်တဲ့အခါ သတိတော့ ထားဖို့ လိုပါလိမ့်မယ်။ သံပုရာရနံ့ သင်းသင်းလေးနဲ့ ဆီလုံးဝမပါတဲ့ သဘာဝစစ်စစ် ငါးနှပ်ဟင်းချိုကို ရပါပြီ။

Credit: Yadana Moe